ထီးလင်းမြို့ကို စွန့်ခွာဖို့၊ စစ်ကောင်စီလက်အောက်ခံတွေ အလင်းဝင်ဖို့ ထုတ်ပြန်ပြီးနောက် လွတ်မြောက်နယ်မြေထဲ ခိုလှုံသူတွေရှိလာ

Author မင်းထက်
Categories
Published on Dec 07, 2024

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ မြို့သိမ်းတိုက်ပွဲအထိ စစ်ဆင်ရေးပြင်းထန်လာနိုင်တာကြောင့် မြို့ပေါ် နေထိုင်သူတွေ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ထွက်ခွာကြဖို့နဲ့ အလင်းဝင်ကြဖို့ သတင်းထုတ်ပြန်ပြီးနောက် ခိုလှုံသူတွေရှိလာတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

 

ထီးလင်းမြို့ခံတွေနဲ့ စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ စိုးမိုးနယ်မြေကို လာရောက်ခိုလှုံကြဖို့ ထီးလင်းမြို့နယ် ပအဖက ဒီဇင်ဘာ ၅ ရက်နေ့က အသိပေးထားတာဖြစ်ပါတယ်။

 

“ကြေညာပြီးနောက်မှာ ဆက်သွယ်ပြီး ရောက်လာတဲ့သူတွေရှိပါတယ်။ ချိတ်ဆက်ပြီးပဲ ထွက်လာကြတာပါဗျ။ မြို့တဝိုက်မှာ စကစနဲ့ ကာကွယ်ရေး ဆိုင်ထားတော့ ချိတ်ဆက်ပြီးမှ ထွက်မှ လုံခြုံရေးစိတ်ချရတာမလို့ပါ” လို့ ထီးလင်းမြို့နယ်ပအဖ ပြန်ကြားရေးတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

လက်ရှိ ကာကွယ်ရေးတပ်ဖွဲ့တွေဆီ စစ်ကောင်စီတပ်ဖွဲ့၀င် တစ်ဦးနဲ့အတူ မိသားစုလိုက်အလင်းဝင်လာသူ ခြောက်ဦးရှိတယ်လို့ ထီးလင်းမြို့နယ်ပအဖနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ စုံစမ်းသိရှိရပါတယ်။

 

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဆက်သွယ်လာသူတွေရှိတယ်လို့လည်း ထီးလင်းမြို့နယ် အနောက်ခြမ်း-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူတွေက ပြောပါတယ်။

 

NUG​ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူတွေ၊ ပအဖ၊ ပကဖတွေနဲ့ တပ်ရင်း/တပ်ဖွဲ့တွေအနေနဲ့ ထီးလင်းမြို့ခံတွေကို နွေးထွေးစွာကြိုဆိုသလို လာရောက်ခိုလှုံလာသူတွေအတွက် နေစရာ၊ စားစရာ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

 

သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ပေါ်ကနေ မထွက်ခွာပါက နောက်ဆက်တွဲကိစ္စရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ သက်ဆိုင်ရာတာ၀န်ရှိသူတွေက အသိပေးထားပါတယ်။

 

“သတ်မှတ်ရက် ကျော်လွန်တဲ့ ကာလမှာ စစ်ရေးအရှိန်မြှင့်မယ်။ အချိန်မရွေး မြို့ပေါ် တိုက်ခိုက်မှုတွေရှိလာမယ်။ နောက်ဆုံး မြို့သိမ်းတိုက်ပွဲအထိပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မြို့တွင်းမှာ ကျန်ရှိနေတဲ့ ပြည်သူများနဲ့ စကစလက်အောက်ကနေ စွန့်ခွာချင်သူများကို အချိန်မီ ခေါ်ထုတ်ဖို့အတွက် ထုတ်ပြန်တဲ့ ကြေညာချက်ပါဗျ” လို့ ထီးလင်းမြို့နယ် အနောက်ခြမ်း-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာ၀န်ရှိသူ ကိုသန့်က CJ Platform ကို ပြောပါတယ်။

 

အခုထုတ်ပြန်ချက်ကို ထီးလင်းမြို့နယ် ပအဖ၊ ပကဖတွေအနေနဲ့ ထီးလင်းမြို့နယ်တွင်းရှိ တော်လှန်ရေးအင်အားစုတွေအားလုံး ဆွေးနွေးပြီးမှ ထုတ်ပြန်ကြေညာတာဖြစ်တယ်လို့ ​ဆိုပါတယ်။

 

စစ်ကောင်စီတပ်ဟာ ထီးလင်းမြို့ရှိ ရွှေထီးခန်းမ၊ တရားရုံး၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဘောလုံးကွင်းတို့မှာ တပ်စွဲထားပြီး မြို့ပေါ်နေအိမ်တချို့မှာလည်း ပျူစောထီးတွေ နေရာချထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ဒါကြောင့် မြို့တွင်းနဲ့ မြို့နီးစပ်ရှိ ကျေးရွာတွေက ဒေသခံတချို့မှာလည်း တိမ်းရှောင်မှုတွေရှိနေတယ်လို့ ထီးလင်းမြို့နယ် ပကဖဆီကနေ သိရပါတယ်။

 

ယောဒေသ ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်းအပါအ၀င် ဂန့်ဂေါ၊ ကျော၊ ကျောက်ထု၊ ဆော စတဲ့မြို့နယ်ငါးခုမှာ တော်လှန်ရေးအဖွဲ့တွေ စုဖွဲ့မှုအားကောင်းတဲ့ ဒေသဖြစ်တယ်။

 

မကွေးတိုင်းထဲက ယောဒေသဟာ စစ်ကိုင်းနဲ့ ချင်းပြည်တို့ဆုံရာ ဒေသတခုဖြစ်ကာ ယောကာကွယ်ရေးတပ်(YDF)အပြင် ဂန့်ဂေါခရိုင်တပ်ရင်းတွေ အခြေစိုက်ပြုတော်လှန်တိုက်ခိုက်နေပါတယ်။