ဥရောပထိပ်တန်းလိဂ်တွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ

Author CJ Platform
Categories
Published on Dec 07, 2024

အဲဗာတန် – လီဗာပူးလ် (စနေ ည ၇ နာရီ)

 

အဲဗာတန်ဟာ အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲကို ရောက်မသွားဖို့ ကြိုးစားနေရတဲ့အသင်းပါ။ ပြီးခဲ့တဲ့ကြားရက်မှာတော့ ၀ုလ်ဗ်ကို လေးဂိုးပြတ်အနိုင်ယူပြီး ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

 

ဒီပွဲကလည်း မာဆေးဆိုဒ်ဒါဘီဖြစ်လို့ လီဗာပူးလ်ကို တတ်နိုင်သလောက် အခက်တွေ့အောင် ကြိုးစားဦးမှာသေချာပါတယ်။ လီဗာပူးလ်ကလည်း ပြီးခဲ့တဲ့ကြားရက်မှာ နယူးကာဆယ်ကို သရေကျပြီး တောက်လျှောက်နိုင်ပွဲဆက်နေတာ ရပ်တန့်သွားခဲ့လို့ ဒီပွဲမှာတော့ ပြန်လည် အားထည့်လာမှာပါ။

 

လီဗာပူးလ်တိုက်စစ်မှာ ဆာလားက ရပ်တန့်မရအောင် ခြေစွမ်းပြနေပြီး ဒီရာသီမှာ ၁၃ ဂိုးသွင်းပြီး ဖန်တီးမှု ရှစ်ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အဲဗာတန်အနေနဲ့ အိမ်ကွင်းဖြစ်နေပေမဲ့ လီဗာပူးလ်ကို ထိန်းနိုင်ဖို့ မလွယ်ပါဘူး။ လီဗာပူးလ်ရဲ့အနိုင်ဟာ နှစ်ဂိုးပြတ်လောက် ဖြစ်ဖို့များပါတယ်။

 

ခန့်မှန်းချက် – အဲဗာတန် ၁-၃ လီဗာပူးလ်

ဘက်တစ် – ဘာစီလိုနာ (စနေည – ၉ နာရီ ၄၅ မိနစ်)

 

ဘက်တစ်အသင်းဟာ နောက်ဆုံးကစားထားတဲ့ ငါးပွဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲအထိ ရှုံးပြီး အဆင့် ၁၁ အထိ ရောက်နေပါတယ်။ ဘက်တစ်ရဲ့ ကစားဟန်ဟာ မာကျောမှု ပျောက်ဆုံးနေပြီး အနိုင်ရသင့်တဲ့ ပွဲမျိုးတွေကိုတောင် ရှုံးနိမ့်ခဲ့တဲ့အထိ ပျက်ယွင်းနေတာပါ။

 

ဘာစီလိုနာကတော့ ယာမယ်လ်ပါဝင်လာခြင်းနဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ရယူထားနိုင်ပါတယ်။ တစ်ဘက်မှာလည်း ရီးရဲလ်မက်ဒရစ်က ရှုံးပွဲကြုံထားတာကြောင့် ဘာစီလိုနာအနေနဲ့ ဇယားထိပ်ကနေ အမှတ်အပြတ်အသတ်နဲ့ ဦးဆောင်ခွင့်ကို အမှားခံမှာ မဟုတ်ပါဘူး။

 

ရာဖင်ညာ၊ ယာမယ်လ်နဲ့ လီဝန်ဒေါစကီးတို့ရဲ့ တိုက်စစ်ဟာ ဘက်တစ်ကို ဂိုးသွင်းဖို့ မခက်ပါဘူး။ ဘာစီလိုနာရဲ့ အနိုင်ဟာ ပြတ်သားသွားဖို့ ရှိနေပါတယ်။

 

ခန့်မှန်းချက် – ဘက်တစ် ၀-၂ ဘာစီလိုနာ

 

မန်ယူ – နော်တင်ဟမ်ဖောရက်စ် (တနင်္ဂနွေ နံနက် ၁၂ နာရီ)

 

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ရတာကနေ မန်ယူတို့ ပြန်လည်နိုးထပြရမဲ့ပွဲပါ။ နည်းပြသစ် အမော်ရင်ဟာ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ပြီဆိုပေမဲ့ သူလိုချင်တဲ့ကစားဟန်တစ်ခုဆီ အသင်းကို သွပ်သွင်းနေတာကို မြင်နေရပါတယ်။

 

လက်ရှိအချိန်မှာ အသင်းဟာ အဆင့် ၁၃ အထိ ရောက်နေခဲ့တာဖြစ်လို့ နိုင်ပွဲတွေနဲ့အတူ အမှတ်ပေးဇယားအပေါ်ပိုင်းကို တက်လှမ်းနိုင်ဖို့အတွက် ဒီလိုပွဲမျိုးကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ပါတယ်။

 

နော်တင်ဟမ်ဖောရက်စ်အတွက်တော့ တကယ့်ကိုပွဲကျပ်ကာလနဲ့ ရင်ဆိုင်နေရတာပါ။ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာဆိုရင် နယူးကာဆယ်၊ အာဆင်နယ်နဲ့ မန်စီးတီးတို့လိုအသင်းတွေနဲ့ ကစားခဲ့ရပြီး အခုလည်း အိုးထရက်ဖိုဒ့်ကို သွားကစားရဖို့ ဖြစ်လာပါတယ်။

 

အမှတ်ပေးဇယား အဆင့် ခုနစ်မှာ ရပ်တည်နေပြီး ခြေစွမ်းပိုင်လည်း မခေဘူးဆိုပေမဲ့ အိုးထရက်ဖိုဒ့်မှာတော့ မန်ယူကို အသာစီးယူဖို့ မလွယ်ပါဘူး။ ခက်ခက်ခဲခဲကစားရင်း အိမ်ရှင်မန်ယူတို့ အမှတ်ပြည့်ရယူသွားပါလိမ့်မယ်။

 

ခန့်မှန်းချက် – မန်ယူ ၂-၁ နော်တင်ဟမ်ဖောရက်စ်

 

ဖူလ်ဟမ် – အာဆင်နယ် (တနင်္ဂနွေ ည ၈ နာရီခွဲ)

 

အိမ်ရှင် ဖူလ်ဟမ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာ ၀ုလ်ဗ်ကို ရှုံးခဲ့တာကလွဲရင် သုံးပွဲနိုင်ပြီး တစ်ပွဲသရေ ကျထားပါတယ်။ နောက်ဆုံးပွဲမှာ ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့်ခြောက်အထိ ရောက်လာခဲ့တာပါ။

 

ဖူလ်ဟမ်မှာ အာဆင်နယ်ကစားသမားဟောင်းတွေဖြစ်တဲ့ လီနို၊ အိုင်ဝိုဘီနဲ့ စမစ်ရိုးတို့ရှိနေပြီး စွမ်းဆောင်ရည်ကောင်းတွေလည်း ပြထားနိုင်ပါတယ်။ အာဆင်နယ်အတွက်တော့ ဖူလ်ဟမ်ကို အတော်လေး ခက်ခက်ခဲခဲကစားရဖို့ ရှိနေပါတယ်။

 

ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း အာဆင်နယ်ဟာ ဖူလ်ဟမ်ကို တစ်ပွဲမှ မနိုင်ခဲ့ပါဘူး။ အိမ်ကွင်းမှာ သရေကျခဲ့ပြီး အဝေးကွင်းမှာ ရှုံးထားတာပါ။ အာဆင်နယ်အနေနဲ့ အဲဒီအကြွေးကို ဆပ်နိုင်ဖို့ ကြိုးစားလာမှာ သေချာပါတယ်။

 

အာဆင်နယ်တိုက်စစ်မှာ ဆာကာနဲ့ အိုဒီဂတ်တို့ အတွဲအဖက်မိနေသလို အလွတ်တည်ကန်ဘောတွေကနေလည်း ဂိုးတွေရနေနိုင်တာဟာ အာဆင်နယ်ရဲ့ ကြီးမားတဲ့ အားသာချက်တစ်ခုပါ။ ခက်ခက်ခဲခဲကစားပြီး အဝေးကွင်းမှာ အမှတ်ပြည့်ရသွားနိုင်ပါတယ်။

 

ခန့်မှန်းချက် – ဖူလ်ဟမ် ၁-၂ အာဆင်နယ်

 

စပါး – ချဲလ်ဆီး (တနင်္ဂနွေ ည ၁၁ နာရီ)

 

စပါးဟာ ဒီရာသီ ၁၄ ပွဲကစားပြီးချိန်မှာ ခြောက်ပွဲအထိ ရှုံးထားပြီး အဆင့် ၁၀ အထိ ရောက်နေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ခြေစွမ်းဟာ ခန့်မှန်းရခက်ပြီး ထင်မှတ်မထားတာတွေကို လုပ်ပြနိုင်စွမ်းရှိတာ မြင်တွေ့ရပါတယ်။

 

အစ်ဆွစ်ချ်၊ ဘုန်းမောက်တို့ကို ရှုံးခဲ့ပေမဲ့ မန်စီးတီးကို အီတီဟတ်ထိသွားပြီး လေးဂိုးပြတ် အနိုင်ယူပြခဲ့တာပါ။ တိုက်စစ်ပိုင်းမှာလည်း ဆွန်ဟောင်မင်၊ မက်ဒီဆင်၊ ဂျွန်ဆင်၊ ဆိုလန်ကီနဲ့ ကူလူဆက်ဗ်စကီးတို့က တွဲဖက်မိနေပြီး အိမ်ကွင်းပွဲစဉ်တွေမှာ သူတို့ဟာ စွမ်းဆောင်ရည်ပိုကောင်းလေ့ရှိပါတယ်။

 

ချဲလ်ဆီးကတော့ တစ်ပွဲထက်တစ်ပွဲ ပိုပြီး တည်ငြိမ်လာတာတွေ့ရသလို အမှတ်ပေးဇယားမှာလည်း အဆင့်နှစ်အထိ တက်လှမ်းပြီး ချန်ပီယံလုပွဲထဲကို ပါဝင်လာခဲ့ပါတယ်။ စွမ်းဆောင်ရည်မြင့်ကစားသမားတွေများပြားနေခြင်းဟာ ချဲလ်ဆီးရဲ့ အားသာချက်ဖြစ်ပြီး အခုလိုပွဲကျပ်ကာလမှာ အလှည့်ကျအသုံးပြုနိုင်တာဟာ ပွဲပန်းမှုဒဏ်ကနေ သက်သာစေပါတယ်။

 

လန်ဒန်ဒါဘီဖြစ်လို့ ဒီနှစ်သင်းတွေ့ဆုံတိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပါတယ်။ လက်ရှိခြေစွမ်းအရ ချဲလ်ဆီးက သာတယ်ဆိုပေမဲ့ စပါးရဲ့အိမ်ကွင်းလုပ်အားနှုန်းကြောင့် သရေရလဒ်ထွက်ပေါ်လာရင်လည်း အံ့ဩစရာမရှိပါဘူး။

 

ခန့်မှန်းချက် – စပါး ၁-၁ ချဲလ်ဆီး