သမ္မတဖြစ်လာပြီးနောက် ထရမ့်ရဲ့ ရှယ်ယာတွေ တက်လာ

Author CJ Platform
Categories
Published on Nov 07, 2024

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအသစ်ဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရလိုက်ပြီးတဲ့နောက် သူပိုင်ဆိုင်တဲ့ Trump Media & Technology Group ရှယ်ယာတွေ စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ နယူးယောက်က ငွေကြေးလုပ်ငန်း ဗဟိုဈေးကွက် (Wall Street) ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

 

ရွေးကောက်ပွဲအပြီး ပထမဆုံးရုံးဖွင့်ချိန်မှာ ထရမ့်ရဲ့ ရှယ်ယာတွေဟာ ၃၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးဟာ ဒေါ်လာ ၉ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ထရမ့်ရဲ့  ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံ တန်ကြေးရှိတဲ့ ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှု အစုရှယ်ယာပေါင်း ၁၁၄ ဒသမ ၇၅ သန်းရဲ့  တန်ဖိုးဟာ ရွေးကောက်ပွဲနေ့မှာ ၅ ဒသမ ၃ ဘီလီယံအထိ တက်လာခဲ့တယ်လို့ သိရပါတယ်။

 

Tuttle Capital Management ရဲ့ CEO  မက်သယူးတက်တယ်က “ထရမ့်အနိုင်ရမှုအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ လောင်းကြေးတင်ကစားမှုကြောင့် ရှယ်ယာစျေးနှုန်းတွေ မြင့်တက်လာခြင်းဖြစ်တယ်”လို့ ဆိုပါတယ်။

 

အခုလို ရှယ်ယာဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ ထရမ့် ကုမ္ပဏီရဲ့ စီးပွားရေးအခြေအနေဟာ စိုးရိမ်စရာ ဖြစ်နေဆဲပဲလို့လည်း ဆိုကြပါတယ်။ ကုမ္ပဏီရဲ့ တတိယ သုံးလပတ် ဝင်ငွေဟာ ငါးရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဒေါ်လာ တစ်သန်းသာ ရရှိခဲ့ပါတယ်။

 

လက်ရှိမှာ ထရမ့်ရဲ့ ကုမ္ပဏီတန်ကြေးဟာ ကုန်ပစ္စည်းရောင်းချတဲ့ Mancy’s ကုမ္ပဏီရဲ့ နှစ်ဆ၊ လေကြောင်းလိုင်း ကုမ္ပဏီ JetBlue ရဲ့ လေးဆပိုပြီး တန်ဖိုးရှိနေပေမဲ့ ရေရှည်မှာ ခိုင်မာတဲ့ စီးပွားရေး မဟာဗျူစာ လိုအပ်နေသေးတယ်လို့ ငွေကြေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

 

ငွေကြေးဆိုင်ရာ ကုမ္ပဏီဖြစ်တဲ့ AgentSmyth က မိုက်ကယ်ဘလော့ခ်ကတော့ ဈေးကွက်တန်ဖိုးဟာ “အခြေခံစီးပွားရေးအချက်အလက်တွေထက် ၂၁ ရာစုရဲ့ အရေးပါဆုံး ပုဂ္ဂိုလ်ဖြစ်လာနိုင်သူရဲ့ မီဒီယာ ကုမ္ပဏီရဲ့ တန်ဖိုးကို ထင်ဟပ်နေတာဖြစ်တယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

 

ဓာတ်ပုံ- Evan Vucci/ AP

Graphic- Matt Stiles and Byron Manley, CNN

ကိုးကား – CNN