မလေးရှားမှာ မြန်မာတွေနေထိုင်ရာ တိုက်ခန်းတစ်ခု ဝင်စီးခံရ၊ တရားမဝင် မြန်မာ ၃၀ အပါအဝင် နိုင်ငံခြားသား ၇၀ ကျော် ဖမ်းဆီးခံရ

Author ဆလိုင်း
Categories
Published on Nov 07, 2024

မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့၊ ဘူကစ်ဘင်တန် Bund Shanghai တိုက်ခန်း(ဖလပ်)ကို အိမ်ရှင်နိုင်ငံသားတွေရဲ့ တိုင်ကြားချက်နဲ့ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ မလေးရှား စံတော်ချိန် မနက် ၁၁ နာရီခန့်မှာ မလေးရှားလူဝင်မှုကြီးရေးအဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်ပူးပေါင်းအဖွဲ့ အင်အား ၅၀ ကျော်နဲ့ ဝင်ရောက်စီးနင်းဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီမှာ လူပေါင်း ၁၅၀ ဦးကို စစ်ဆေးခဲ့ပြီး တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၃၀ ဦးအပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၄ ဦး၊ နီပေါနိုင်ငံသား ရှစ်ဦး၊ အင်ဒိုနီးရှား နိုင်ငံသား ခုနစ်ဦး၊ ထိုင်းနဲ့ ပါကစ္စတန်မှ တစ်ဦးစီ စုစုပေါင်း ၇၁ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

“တိုက်ခန်းထဲမှာနေထိုင်တဲ့ လူတွေအားလုံးစစ်ဆေးခံရတာဖြစ်ပါတယ်။ အဲဒီထဲမှာ UN ကတ် ကိုင်ထားတဲ့သူတွေနဲ့ စာရွက်စာတမ်းအပြည့်အစုံရှိတဲ့သူတွေက အဖမ်းမခံရဘူး။ ဘာမှအထောက်ထားမရှိတဲ့ နိုင်ငံခြားသား အမျိုးသမီး၊ အမျိုးသား ၇၀ ကျော်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ စစ်ဆေးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ အသက် ၂၅ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

အဲဒီဖလပ်က အခန်းပိုင်ရှင်တချို့က အခန်းတွေဖွဲ့ပြီး ပြန်လည်ငှားရမ်းမှုကြောင့် စည်ပင်အဖွဲ့က သတိပေးစာ ကပ်ထားသလို လူနေများပြီး တိုက်ခန်းညစ်ပတ်မှုကြောင့် အိမ်ရှင်နိုင်ငံသားတွေရဲ့ တိုင်ကြားချက်နဲ့ အခုလို ဝင်ရောက်စီးနင်း စစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။

“တိုက်ခန်းက ဆောက်ထားတဲ့အတိုင်း အခန်းတွေမဟုတ်ဘဲ ဆောက်ထားတဲ့အခန်းတွေကို အိမ်ရှင်တွေက သစ်သားတွေနဲ့ အခန်းတွေပြန်ဖွဲ့ပြီး ပြန်ငှားစားနေကြတာ။ အဲဒီတော့ တိုက်ခန်းမှာ လူတွေပြည့်နှက်နေပြီး တိုက်ခန်းကလည်း ညစ်ပတ်နေတယ်။ လဝကအဖွဲ့ မဝင်ခင် နှစ်ရက်လောက်က စည်ပင်ကနေ လာပြီး သတိပေးစာ ကပ်သွားတယ်” လို့ တိုက်ခန်းမှာ ငှားရမ်းနေထိုင်တဲ့ မြန်မာနိုင်ငံသား အသက် ၂၇ နှစ်အရွယ် ချင်းလူမျိုးတစ်ဦးက CJ Platform ကို ပြောပါတယ်။

ယမန်နေ့ကဝင်စီးခဲ့တဲ့ မလေးရှားအာဏာပိုင်အဖွဲ့ဝင်တွေဟာ အိမ်ရှင်တွေက သစ်သားတွေနဲ့ ပြန်လည်ဆောက်လုပ်ထားတဲ့ အခန်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရသူတွေဟာ မလေးရှားဥပဒေအရ ပြစ်ဒဏ်ချခံရပြီးနောက် မိခင်နိုင်ငံကို ပြန်လည်ပို့ဆောင်ခံရမှာဖြစ်ပါတယ်။

 

ဓာတ်ပုံ – JIM, ဆလိုင်း

 

ပုံစာ – ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားတွေကို တွေ့မြင်ရစဥ်