ကြာသပတေးမနက်အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများ စုစည်းမှု
“နည်းစနစ်အားလုံးနဲ့ မန်ယူကစားသမားတွေ ကစားနိုင်လို့ အိုနာနာပြော”
မန်ယူအသင်းရဲ့ ဂိုးသမား အိုနာနာက သူတို့အသင်းသားတွေဟာ နည်းပြသစ်ဖြစ်လာမယ့် အမော်ရင်ရဲ့ နည်းဗျူဟာမှာ အံဝင်အောင်ကစားနိုင်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာပါတယ်။
အမော်ရင်ဟာ ၃-၄-၃ ကစားကွက်ကို အများဆုံးအသုံးပြုသူဖြစ်ပြီး မန်ယူအသင်းကတော့ ၄-၂-၃-၁ ကစားကွက်နဲ့သာ အများဆုံးကစားတဲ့အသင်းဖြစ်လို့ ကြီးမားတဲ့အပြောင်းအလဲအပေါ် ကစားသမားဟောင်းတွေ၊ ဝေဖန်သုံးသပ်သူတွေက စိုးရိမ်နေခဲ့တာပါ။
ဒါကို ဂိုးသမား အိုနာနာကတော့ စိုးရိမ်စရာမရှိကြောင်းနဲ့ သူတို့အသင်းသားတွေဟာ နည်းစနစ်အားလုံးနဲ့ အံဝင်စွာကစားနိုင်သူတွေဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
“ဇန်နဝါရီမှာ တိုက်စစ်တစ်ယောက်နဲ့ ကွင်းလယ်တစ်ယောက်ထပ်ခေါ်ဦးမယ့် မန်ယူ”
မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီစျေးကွက်မှာ စပို့တင်းအသင်းရဲ့တိုက်စစ်မှူး ဗစ်တာ ယောဂရက်စ်ကို ပေါင် ၆၃ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှာဖြစ်သလို ကွင်းလယ်ပိုင်း အားဖြည့်မှုအဖြစ် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂိုရက်စ်ကာကိုလည်း ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
“မန်စီးတီးကို မန်ဒီတရားစွဲဆိုမှု နိုင်သွားလို့ ပေါင် ၁၁ သန်းကျော်ရမယ်”
ပြင်သစ်လီဂူး ၂ ကလပ် လော့ရီးယန့်အသင်းမှာကစားနေတဲ့ ပြင်သစ်နောက်ခံလူဟောင်း မန်ဒီဟာ မုဒိန်းမှုနဲ့ တရားရင်ဆိုင်နေရစဉ်ကာလအတွင်း မန်စီးတီးအသင်းဆီကနေ မရရှိခဲ့တဲ့ လုပ်ခလစာတွေ ပြန်လည်ရရှိရေးအတွက် တရားစွဲဆိုမှု အနိုင်ရရှိသွားပါတယ်။
မန်ဒီဟာ နှစ်နဲ့ချီပြီး အမှုရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ အမှုကနေ လွတ်မြောက်ခွင့်ရခဲ့တာပါ။ ဒါကြောင့် အဲဒီကာလအတွင်းမှာ မန်စီးတီးအနေနဲ့ သူ့ကိုလုပ်ခလစာပေးချေသင့်တယ်လို့ တရားရုံးကို ဦးတိုက်လျှောက်ထားမှုဟာ အောင်မြင်ခဲ့တာပါ။ ဒါကြောင့် မန်စီးတီးအသင်းဆီကနေ ပေါင် ၁၁ ဒသမ ၅ သန်း ရရှိမယ်လို့ သိရပါတယ်။
“အာနိုးလ်ကို ဇန်နဝါရီမှာ ကမ်းလှမ်းတော့မယ့် ရီးရဲလ်”
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီစျေးကွက်မှာတော့ အာနိုးလ်ကိုခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းဆီ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
အာနိုးလ်နဲ့ လီဗာပူးလ်တို့ရဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ စာချုပ်သစ်အတွက် သဘောတူညီထားတာမျိုးမရှိသေးပါဘူး။ လီဗာပူးလ်အနေနဲ့ စာချုပ်သစ်မချုပ်ဆိုနိုင်ဘူးဆိုရင် ရာသီကုန်ချိန်မှာ အလွတ်ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်လို့ ဇန်နဝါရီစျေးကွက်မှာ ရောင်းထုတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။
“ချန်ပီယံလိဂ်မှာ ပေးဂိုးမရှိသေးတဲ့ အင်တာ”
အင်တာမီလန်အသင်းဟာ အာဆင်နယ်ကို အိမ်ကွင်းမှာတစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ် လေးပွဲကစားပြီးချိန်မှာ ပေးဂိုးလုံး၀မရှိသေးတဲ့အသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။
အာဆင်နယ်နည်းပြ အာတီတာကတော့ အင်တာနဲ့ပွဲမှာ ပင်နယ်တီရသင့်တယ်လို့ ထင်မြင်ချက်ပေးခဲ့ပြီး မီရီနိုရဲ့ လက်ထိဘောဟာ ပင်နယ်တီဖြစ်တယ်ဆိုရင် အင်တာဂိုးသမားက မီရီနိုရဲ့ ဦးခေါင်းကို လက်နဲ့ ပုတ်မိခြင်းဟာလည်း ပင်နယ်တီပါလို့ ဆိုပါတယ်။
“ချန်ပီယံလိဂ်မှာ အဆင့် ၂၅ ထိ ရောက်သွားတဲ့ ပီအက်စ်ဂျီ”
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ညမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ရတာကြောင့် ဒီရာသီ ချန်ပီယံလိဂ် လေးပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၃ ပွဲရှုံးကာ ရမှတ် ၃ မှတ်သာ ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားရပ်တည်မှု အဆင့် ၂၅ အထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
“ချန်ပီယံလိဂ်မှာ ဂိုးပြတ်ထပ်နိုင်တဲ့ ဘာစီလိုနာ”
ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်လက်ထက်မှာ အကောင်းဆုံးပုံစံရနေတဲ့ ဘာစီလိုနာအသင်းကတော့ ရက်ဒ်စတား ဘဲလ်ဂရိတ်အသင်းကို အဝေးကွင်းမှာ ၂ ဂိုး ၅ ဂိုးနဲ့ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။
“စီးရီးအေထိပ်တန်းအသင်းတွေ အာဆင်နယ်နောက်ခံလူကို စိတ်ဝင်စားနေ”
အေစီမီလန်၊ အင်တာမီလန်နဲ့ နာပိုလီအသင်းတို့ဟာ အာဆင်နယ်အသင်းရဲ့ အသက် ၂၄ နှစ်အရွယ် ပိုလန်နောက်ခံလူ ကီဝီရောကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းမယ်ဆိုရင် လက်ခံစဉ်းစားသွားမှာဖြစ်ပြီး အငှားချပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။
“နေမာ စာချုပ်ဖျက်သိမ်းခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရ”
ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဟာ အသက် ၃၂ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် နေမာကို လာမယ့် ဇန်နဝါရီမှာ စာချုပ်ဖျက်သိမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နေမာဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရခဲ့ပြီး ပြန်လည်ကစားနိုင်တဲ့ ဒုတိယမြောက်ပွဲမှာပဲ ပေါင်ဒဏ်ရာထပ်မံရရှိသွားခဲ့တာပဲဖြစ်ပါတယ်။
ဓာတ်ပုံ – Sky Sports