မလေးရှားမှာ နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံရပြီး ၁ ဦးသေဆုံး

Author ဆလိုင်း
Categories
Published on Oct 07, 2024

မလေးရှားနိုင်ငံ၊ ပီနန်း၊ ဆလန်ဂေါနဲ့ ပီရက် စတဲ့ ပြည်နယ် သုံးခုက မြို့ လေးခုမှာ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံရကာ အဖမ်းမခံရဖို့ ထွက်ပြေးတဲ့ အမျိုးသမီး ၁ ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ယမန်နေ့ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့က ပီနန်း၊ ဆရင်ဘန်း၊ ရှားလန်း၊ အီပို့ စတဲ့ မြို့တွေမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက် စီးနင်းဖမ်းဆီးမှုတွေ လုပ်ရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံခဲ့ရတာပါ။

 

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ပီနန်းမြို့မှာ ၄၀ ကျော်၊ ရှားလန်းနဲ့ ဆရင်ဘန်းမြို့မှာ ၈၆ ဦးနဲ့ အီပို့မြို့မှာ ၃၉ ဦး ဖြစ်တယ်လို့ ကနဦး သိရပါတယ်။

 

အောက်တိုဘာလ ၅ ရက်နေ့က အီပို့မြို့မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ မြန်မာ KTV ဆိုင် က မြန်မာနိုင်ငံသား ၃၉ ဦးကို တရားမဝင်နေထိုင်မှု ဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူ မြန်မာနိုင်ငံသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“သူတို့က တရားမဝင်ဖွင့်ထားတဲ့ KTV ဆိုင်ဖြစ်တယ်။ ပြီးတော့ ဆိုင်မှာ အလုပ်လုပ်တဲ့သူတွေလည်း အထောက်အထား စာရွက်စာတမ်းရှိတဲ့သူတွေလည်း မပါတော့ အမှုပိုကြီးသွားတာပေါ့။ သူတို့ကို တရားမဝင်နေထိုင်မှု ဥပဒေနဲ့ တရားစွဲမယ်ပြောတယ်။ ထောင်ချခံရပြီး မြန်မာပြည် ပြန်အပို့ခံရမယ်”လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် ရှားလန်းမြို့နဲ့ ဆရင်ဘန်းမြို့မှာလည်း အောက်တိုဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံသား ၈၆ ဦး ဖမ်းဆီးခံရပြီး ၎င်းတို့ကို စမှုံညှင်း ထိန်းသိမ်းရေးစခန်းနဲ့ လိန်းကင် ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

အဲ့ဒီ ဆရင်းဘန်မြို့မှာ ဖမ်းဆီးစဥ် ထွက်ပြေးသွားတဲ့ မြန်မာအမျိုးသမီး တစ်ဦးကတော့ ရထားကြိတ်ခံရပြီး သေဆုံးခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဆရင်းဘန်နဲ့ ရှားလန်းက အဖမ်းခံရတဲ့သူတွေ ဘယ်လို အရေးယူဆောင်ရွက်သွားမလဲဆိုတာ မသိရသေးဘူး။ လောလောဆယ် သူတို့ကို လဝက ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းထားတယ်။ ဆရင်းဘန်မှာ ဖမ်းဆီးစဥ် ထွက်ပြေးတဲ့ အသက် ၃၀ ဝန်းကျင် မြန်မာအမျိုးသမီးတစ်ဦးက ရထားကြိတ်ပြီး နှစ်ပိုင်းဖြတ် သေဆုံးခဲ့တယ်”လို့ ၎င်းက ဆိုပါတယ်။

 

အလားတူ ယမန်နေ့မှာ ပီနန်းပြည်နယ်၊ ပီနန်းမြို့မှာ မလေးရှား လူဝင်မူကြီးကြပ်ရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထပ်မံဖမ်းဆီးမှုပြုလုပ်ခဲ့လို့ အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၄၀ ကျော် ဖမ်းဆီးခံခဲ့ရပါသေးတယ်။

 

မလေးရှားမှာ အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်နေ့ နှစ်ရက်အတွင်း  အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်အပါဝင် နိုင်ငံခြားသား ၆၀၀ ကျော် အဖမ်းခံရပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ စုံစမ်းသိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ရှားလန်းမြို့မှာ အထောက်ထားမဲ့ နိုင်ငံခြားသားတွေ ဖမ်းဆီးခံရစဥ်။