အမ်းတိုက်ပွဲ ပိုမိုပြင်းထန်လာ၊ တိုက်ပွဲအနီးက ကျေးရွာ ၇ ရွာကို စစ်ကောင်စီနှင်ထုတ်

Author သုတ
Categories
Published on Oct 07, 2024

စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ နယ်မှာ အခု ရက်သတ္တပတ်အတွင်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ကဇုကိုင်း တောဟိန်းတောင်ဗျူဟာစခန်းကို အာရက္ခတပ်တော် (AA) က ဧပြီလ ၁၅ ရက်နေ့ကနေ ဇွန်လ ၂၃ ရက်နေ့အထိ  ၂ လကျော်ကြာ တိုက်ပွဲကာလအတွင်း သိမ်းပိုက်ရရှိပြီးတဲ့နောက် စစ်ရေးငြိမ်သက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် အမ်းမြို့နယ်မှာ စက်တင်ဘာလ ၂၆ ရက်နေ့ကစလို့ တဖန်တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က စလို့ မဲတောင်တပ်စခန်းကို AA က တိုက်ခိုက်လျက်ရှိပြီး အောက်တိုဘာလ ပထမအပတ်က စလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရှိ တပ်စခန်းတွေကိုလည်း အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အေအေက မဲတောင်ကို သိမ်းလိုက်ပြီလို့တော့ ပြောနေကြတယ်။ ဒါပေမဲ့ သိပ်တော့ မသေချာသေးဘူးဗျ။ တိုက်ပွဲကတော့ တစ်နေကုန် ပစ်နေတာပဲ။ ၂ ဘက် ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး။ မကျအောင် ခုခံနိုင်ဖို့ သူတို့လုပ်နေကျ လေကြောင်းကနေပဲ ပစ်ကူပေးနေမှာပဲ”လို့ ဆိုပါတယ်။

 

စစ်ရေး ရှုံးနိမ့်မှုရှိနေတဲ့အတွက် စစ်ကောင်စီက နပခအတွင်းက တပ်မိသားစုဝင်တွေကို အောက်တိုဘာ ၅ ရက်နေ့မှာ ရဟတ်ယာဥ်နဲ့ တောင်ကုတ်ဘက်ကို ပြောင်းရွှေ့သွားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပြင် ခမရ – ၃၇၁၊ ခမရ – ၃၇၂၊ ခမရ – ၃၇၃၊၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE) ၊  ဆေးတပ်နဲ့စစ်လက်နက်တပ်တို့ တည်ရှိပါတယ်။

 

အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အတူ  တိုက်ပွဲဖြစ်ပွားနေတဲ့ အနီးအနားက ရွာတွေကို စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်ကနေ စွန့်ခွာပေးနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

နေရပ်စွန့်ခွာရတဲ့ ရွာတွေကတော့ မဲတောင်အနီးမှာရှိတဲ့ ရပ်သာရွာ၊ ကြောင်ဖြူကွင်းရွာ၊ ပျဉ်းတောကြီးရွာ၊ နေကာရွာသစ်၊ ကျွဲသလင်းရွာ၊ ကြပ်ရွာနဲ့ ဂွေးကိုင်းရွာတို့ ဖြစ်တယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

အဲ့ဒီ ကျေးရွာ (၇) ရွာဟာ ရခိုင်နဲ့ ချင်းလူမျိုးတွေနေထိုင်ရာ ကျေးရွာတွေဖြစ်ပြီး လူမျိုးစု ၂ စု ယှဉ်တွဲနေထိုင်တဲ့ ရွာအချို့လည်းပါဝင်နေပါတယ်။ အခုလို နှင်ထုတ်ခံရတဲ့အတွက် ၎င်းတို့အနေနဲ့ နေထိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

 

တချို့ကလည်း တိုက်ပွဲ ပိုမိုပြင်းထန်လာတဲ့ အချိန်ကစလို့ မြို့ပေါ်ကို ချက်ချင်း စစ်ရှောင်ထွက်သွားရတဲ့အတွက် နေထိုင်စားသောက်ရေး အခက်ခဲ ဖြစ်နေရတယ်လို့ အမ်းဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“စားစရာမရှိဘူး၊ သောက်စရာ မရှိဘူး။ ဆန်ကွဲကိုတောင် နပ်မှန်အောင် မစားနိုင်တော့ဘူး။ အတော်ကို ဒုက္ခရောက်နေကြပြီ။ ကူညီသူလည်း မရှိကြပါဘူး”လို့ သူက ဆိုပါတယ်။

 

တိုက်ပွဲတွေကြောင့် ကျေးရွာဒေသတွေကနေ အမ်းမြို့ပေါ်ကို စစ်ဘေးရှောင်နေသူ ရာနဲ့ချီ အကူညီလိုအပ်နေတဲ့အတွက် ကူညီရေးအဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးကြဖို့ကိုလည်း စစ်ဘေးရှောင်တွေအရေး ကူညီ ဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

 

“ကူညီတဲ့ အဖွဲ့တွေရှိရင်လည်း ကျွန်တော်တို့ကို ကူညီပေးကြပါ။ နေဖို့အရေးရော၊ စားဖို့အရေးပါ အတော်ခက်ခဲနေတာ။ လမ်းတွေလည်း ပိတ်ဆို့ထားတော့ ဆန်လည်း ဝယ်ရခက် သွားကူရလည်း ခက်နေတော့ ပိုဆိုးတာပေါ့”လို့ ၎င်းက ရှင်းပြပါတယ်။

 

တိုက်ပွဲကာလ ၁၁ လအတွင်း ပလက်ဝမြို့နယ် အပါအဝင် မြို့နယ် ၁၁ ခုအထိ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိထားပြီး မောင်တော၊ ဂွ နဲ့  အမ်းမြို့နယ်တို့မှာ တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။

 

သိမ်းပိုက်ရန် ကျန်နေသေးတဲ့ မြို့တွေဖြစ်တဲ့ မောင်တောအပါအဝင် တောင်ကုတ်၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကိုလည်း တစ်မြို့မကျန်  အလုံးစုံသိမ်းပိုက် ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိတယ်လို့  AA ဘက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်