တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းရာ အမ်းမြို့အနီးက တောင်ဇောက်တောင်စခန်းကို AA သိမ်းပိုက်
ရခိုင်ပြည်၊ အမ်း-ရိုးမ ရှိ စစ်ကောင်စီရဲ့ တောင်ဇောက်တောင် အမြောက်စခန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲတို့ကို အာရက္ခတပ်တော် (AA) က ဇန်နဝါရီလ ၅ ရက်နေ့မှာ သိမ်းပိုက်ရရှိသွားပြီဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အဲဒီ ဓာတ်ငွေပိုက်လိုင်း စက်ရုံခွဲဟာ ကျောက်ဖြူမြို့ကနေ တရုတ်နိုင်ငံကို ဖြတ်သန်းသွယ်တန်းထားပြီး အမ်းမြို့ကနေ မိုင် ၂၀ ခန့်ကွာဝေးတဲ့ တောင်ဇောက်တောင် ကျေးရွာမှာ တည်ဆောက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“၄ လပိုင်းလောက်က အဲဒီဓာတ်အားခွဲစက်ရုံကို
လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်တွေ ပြန် ရုပ်သိမ်းသွားတာ ရှိတယ်။ အမ်း နပခကို တိုက်ပွဲ ပြင်းထန်ချိန်ကာလမှာ အင်အား ပြန်တိုးတာတွေ လုပ်တယ်။ အဲဒီ စခန်းအနီးက အမြောက်စခန်းကနေလည်း တိုက်ပွဲဖြစ်ရာ နေရာကို လှမ်းပစ်တာတွေရှိတယ်။ နပခကို သိမ်းပြီးတော့လည်း အဲဒီပိုက်လိုင်းကို အကာကွယ်ယူပြီး အင်အားဆက်ဖြည့်တာတွေ စစ်ကောင်စီက လုပ်တယ်။ အခု AA က အဲဒီနေရာကို ထိန်းချုပ်ပြီး နယ်မြေ ရှင်းလင်းနေတာတွေ ရှိတယ်”လို့ CJ Platformရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
တောင်ဇောက်အမြောက်စခန်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံခွဲအပြင် ဘေးပတ်လည်ကာရံထားတဲ့ ကာကင်းစခန်းတွေကို AA က သိမ်းပိုက်ထိ ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်သား အများအပြားကိုလည်း အရှင် ဖမ်းမိထားတယ်လို့ စုံစမ်းသိရှိရပါတယ်။ဒါ့အပြင် စက်ရုံအတွင်း ပိတ်မိနေတဲ့ မြန်မာနဲ့ တရုတ်လူမျိုး အလုပ်သမားတချို့လည်းကိုလည်း AA က ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
စခန်းသိမ်းပိုက်ရရှိမှုနဲ့ ဖမ်းဆီးသိမ်းဆည်းရရှိတာကိုတော့ AA ဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုလာတာ မရှိသေးပါဘူး။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိသလို ထွက်ပြေး လွတ်မြောက် သွားသူတွေလည်း ရှိတာကြောင့် AA က လိုက်လံ ဖမ်းဆီးနေတယ်လို့ အသက် ၃၄ နှစ်အရွယ် အမ်းဒေသခံ အမျိူးသားတစ်ဦးက ပြောပါတယ်။
“လက်နက်ချတာမျိုး မရှိပါ။ သေဆုံးသူရှိပါတယ်။ အရှင်ဖမ်းမိတာလည်း ရှိပါတယ်”လို့ သူက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း ဆင်ခုံတိုင်နဲ့ တောင်ဇောက်ကျေးရွာတွေ အနီးက စစ်ကောင်စီ စခန်းတွေကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ လက်နက်ခဲယမ်းတွေနဲ့အတူ မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း ဖမ်းဆီးရမိထားတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho) က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – စစ်ကောင်စီရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် (ပုံဟောင်း)