မြိုင်နဲ့ ပခုက္ကူအစပ်က ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထားလို့ဆို

Author မင်းထက်
Categories
Published on Jan 07, 2025

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်က စစ်ကောင်စီ တပ်သားတွေဟာ ဇန်နဝါရီ ၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ ပခုက္ကူနဲ့ မြိုင်မြို့နယ်ကြားက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မြိုင်မြို့နယ် ဒေသခံနဲ့ ကာကွယ်ရေး ရဲဘော်တွေက ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ အင်အား ၂၀၀ ခန့်နဲ့ မြိုင်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ရိက္ခာပို့ဖို့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်း၀င်ရောက်ရာ ကျေးရွာတွေက ဒေသခံတွေကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြိုင်မြို့နယ်က အသက် ၄၀ ခန့် ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူနဲ့ မြိုင်မြို့နယ်ကြားက ကျေးရွာတွေဖြစ်တဲ့  မုံညှင်းရွာက ဒေသခံ ၄၀ ခန့်၊ မကျီးကန်ရွာက ဒေသခံ ၄၀ ဦးခန့် အပါအ၀င် ကိုးပင်နဲ့ ကိုင်းကျေးရွာက ဒေသခံ စုစုပေါင်း ၁၂၀ ခန့်ဖမ်းဆီးထားတယ်လို့ဆိုပြီး ဒီကနေ့  အခြေနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့  သူက ဆက်လက်ပြောပါတယ်။

 

စစ်ကြောင်းကြောင့် မြိုင်ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့လည်း  အသက် ၃၀ ခန့် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံရသူတွေထဲမှာ ပြန်လွတ်လာသူတွေလည်းရှိတာကြောင့် နောက်ထပ် အဖမ်းဆီးခံနေရတဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။

 

ဒေသခံတွေ ဖမ်းဆီးခံရတာတွေနဲ့ပက်သက်ပြီး CJ Platform က သီးခြား အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကို စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ၂၀၂၅ ဇန်နဝါရီလ ၆ ရက်အထိ အာဏာသိမ်းဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း   ၂၈,၁၃၄ ဦးရှိပြီး အဲဒီအထဲက ၂၁,၄၅၂ ဦးဟာ  ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက် ၉,၉၂၉ ဦးဟာ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

 

ပုံစာ- ၂၀၂၄ ဒီဇင်ဘာလအတွင်းက တိမ်းရှောင်နေရတဲ့ မြိုင်ဒေသခံတွေ (ပုံဟောင်း)

 

Related News

Depend on news