ဘလင်ကန် တောင်ကိုရီးယားရောက်နေချိန် ပင်လယ်ထဲပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အသံထက်မြန်တဲ့ တာလတ်ပစ်ဒုံးကျည်ဖြစ်တယ်လို့ မြောက်ကိုရီးယားပြော
မြောက်ကိုရီးယားနိုင်ငံဟာ ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့က ပင်လယ်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်က အသံထက်မြန်တဲ့ တာလတ်ပစ်ဒုံးကျည်ဖြစ်ပြီး ပစိဖိတ်ဒေသတွင်းက ဝေးလံတဲ့ပစ်မှတ်တွေကိုပစ်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၇ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒါ့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြိုင်ဘက်နိုင်ငံတွေကို တုံ့ပြန်နိုင်ဖို့အတွက် နျူးကလီးယားလက်နက်စုဆောင်းမှုကိုလည်း ချဲ့ထွင်သွားမယ်လို့ ကတိပြုပြောဆိုပါတယ်။
ယမန်နေ့က တောင်ကိုရီးယားစစ်တပ်ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည်တစ်စင်းကို ခြေရာခံမိခဲ့ပြီး အဆိုပါဒုံးကျည်ဟာ မိုင်ပေါင်း ၆၈၅ မိုင် (၁,၁၀၀ ကီလိုမီတာအထိ) ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်ကြားက ပင်လယ်ပြင်ထဲ ကျရောက်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနကနေ အခုလိုမျိုး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တောင်ကိုရီးယားကို ရောက်နေခိုက်မှာ ပစ်လွှတ်ခဲ့တာဖြစ်သလို မကြာခင် အမေရိကန်ရဲ့ သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် တက်မလာခင်မှာ စမ်းသပ်ပစ်ခတ်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း မြောက်ကိုရီးယားဟာ သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ အစိုင်အခဲလောင်စာဆီသုံး တိုက်ချင်းပစ်ဒုံးကျည် အပါအဝင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကို မကြာခဏ ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့ နှစ်နိုင်ငံမဟာမိတ်ပြုပြီး ရုရှားစစ်မြေပြင်ကို မြောက်ကိုရီးယားတပ်သားတွေ စေလွှတ်ပေးခဲ့တာကြောင့် ရုရှားဆီကနေ နည်းပညာအထောက်အကူတွေ ရရှိနိုင်တဲ့အတွက် မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည် ပိုမိုတိုးတက်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တာလတ်ပစ်ဒုံးကျည်အမျိုးမျိုးကို စမ်းသပ်ပစ်ခတ်နေခဲ့ပြီး အဲဒီဒုံးကျည်တွေ ပြီးပြည့်စုံသွားရင် အမေရိကန်ရဲ့ ဂူအမ်မှာရှိတဲ့ ပစိဖိတ်စစ်ဘက်ဆိုင်ရာ အချက်အချာကျတဲ့ နေရာအထိပါ ပစ်ခတ်နိုင်မှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာတော့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ ဒုံးကျည်တွေ ကြားဖြတ်ပစ်ချခံရတာကို ကျော်လွှားနိုင်ဖို့အတွက် ဒုံးကျည်တွေမှာ အသံထက်မြန်တဲ့ ထိပ်ဖူးတွေ ပေါင်းစပ်တပ်ဆင်ပြီး စမ်းသပ်ပစ်လွှတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ၂၀၂၁ ခုနှစ်ကစလို့ အသံထက် ငါးဆပိုပြီး မြန်အောင်ပျံသန်းနိုင်တဲ့ လက်နက်အမျိုးမျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ခံနိုင်ဖို့အတွက် အရှိန်နဲ့ လှုပ်ရှားသွားလာမှုစွမ်းရည်မြင့်တင်ထားတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒုံးကျည်တွေဟာ မြောက်ကိုရီးယားကပြောထားသလို တသမတ်တည်း အရှိန်နဲ့ ပျံသန်းနိုင်မှု ရှိမရှိကတော့ သေချာမသိရှိရသေးပါဘူး။ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ယမန်နေ့က ဒုံးကျည်ပစ်လွှတ်မှုကို ကင်မ်ကိုတိုင်ကြီးကြပ်ခဲ့ပြီး ဒုံးကျည်ဟာ ကီလိုမီတာ ၁,၅၀၀၀ အထိပျံသန်းခဲ့သလို ပင်လယ်ပြင်တွင်းကပစ်မှတ်ကို ထိမှန်မပေါက်ကွဲခင်မှာ အသံထက် ၁၂ ဆမြန်တဲ့ အရှိန်ကို ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
တောင်ကိုရီးယားစစ်တပ်ကတော့ ဒီကိစ္စကို အခုအချိန်ထိ မှတ်ချက်တစ်စုံတစ်ရာ ပေးတာမျိုး မရှိသေးပါဘူး။
ဓာတ်ပုံ – Korean Central News Agency/ Korea News Service via AP
ပုံစာ- အသံထက်မြန်တဲ့ တာလတ်ပစ်ဒုံးကျည်အသစ်တစ်မျိုးကို မြောက်ကိုရီးယားက ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့က ပစ်လွှတ်ခဲ့စဉ်
ကိုးကား- AP News