အပူချိန် ၆ ဒီဂရီစင်တီဂရိတ်အောက်အထိကျနေတဲ့ ကချင်ပြည်မှာ နေရာကွက်မိုးရွာနိုင် “ဒီကနေ့ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ဒီကနေ့ညနေအထိ အခြေအနေ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ကချင်ပြည်မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ကချင်ပြည်၊ မြို့တော် မြစ်ကြီးနားမှာ ၁၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ ပူတာအိုမြို့မှာတော့ ၅ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်ကျဆင်းနေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ အများအားဖြင့်သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါတယ်။
“ထူးခြားညအပူချိန်များ”
ထူးခြားတဲ့ညအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ ၃ ဒီဂရီ စင်တီဂရိတ်၊ ပင်လောင်းမြို့မှာ ၆ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ပြင်ဦးလွင်မြို့မှာ ၆ ဒသမ ၇ ဒီဂရီစင်တီဂရိတ်၊ မိုင်းယန်းမြို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ မချမ်းဘောမြို့မှာ ၈ ဒသမ ၈ ဒီဂရီစင်တီဂရိတ်၊ မင်းကင်းမြို့နဲ့ ဟဲဟိုးမြို့တို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်တို့ဖြစ်တယ်လို့ စစ်ကောင်စီမိုးဇလက ဆိုထားပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၆ ကနေ ၃၁ ဒီကရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၉ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ ဆက်လက်ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။