အင်္ဂါနေ့အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများစုစည်းမှု
ဒါဝင်နူးနက်ဇ်အတွက် ကမ်းလှမ်းမှုတွေ စောင့်မျှော်နေတဲ့ လီဗာပူးလ်
လီဗာပူးလ်အသင်းဟာ အသက် ၂၅ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားပြီး ကမ်းလှမ်းမှုတွေကို မျှော်လင့်နေတယ်လို့ Football Insider ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
လီဗာပူးလ်ဟာ နူးနက်ဇ်အတွက် ပေါင်သန်း ၅၀ နဲ့ ၆၀ အကြား ရရှိဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ နူးနက်ဇ်ဟာ လီဗာပူးလ်နည်းပြ အာနေးဆလော့ရဲ့လက်အောက်မှာ ပြိုင်ပွဲစုံ ၂၃ ပွဲကစားထားပြီး လေးဂိုးသာ သွင်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အာနေးဆလော့ကတော့ သူ့အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဂတ်ပို၊ ဂျိုတာ၊ ဒီယက်ဇ်နဲ့ ဆာလားတို့ကိုသာ အဓိကထားနေပြီး နူးနက်ဇ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ လီဗာပူးလ်ဟာ နူးနက်ဇ်ကို ၂၀၂၂ ခုနှစ် နွေရာသီမှာ ကလပ်စံချိန်တင်ကြေး ပေါင် ၈၅ သန်းနဲ့ ဘင်ဖီကာကနေ ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။
**********************************************
ရက်ချ်ဖိုဒ့်ကို အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေတဲ့ အေစီမီလန်
အီတလီစီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းမှာ မန်ယူအသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေတဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ် ရက်ချ်ဖိုဒ့်ကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ ဗြိတိန်နာမည်ကြီးသတင်းစာ Daily Mail က ဆိုပါတယ်။
မန်ယူနည်းပြသစ် အမော်ရင်ဟာ ရက်ချ်ဖိုဒ့်ကို ဦးစားပေးပွဲထွက်ခွင့်မပေးဘဲ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေကို အားမရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လူစာရင်းကနေ လေးပွဲဆက် ချန်လှပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ထဲမှာတော့ ရက်ချ်ဖိုဒ့်က သူဟာ စိန်ခေါ်မှုအသစ်တွေအတွက် အသင့်ဖြစ်နေပြီလို့ အင်တာဗျူးတစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။
မန်ယူဘက်ကတော့ ရက်ချ်ဖိုဒ့်ကို အပြီးသတ်ရောင်းထုတ်နိုင်ဖို့ မျှော်လင့်နေပြီး အနိမ့်ဆုံး ပေါင်သန်း ၄၀ အလိုရှိနေပါတယ်။ အေစီမီလန်ကတော့ ယခုဇန်နဝါရီစျေးကွက်မှာ ခြောက်လအငှားစာချုပ်နဲ့ ခေါ်ယူချင်နေပြီး ရက်ချ်ဖိုဒ့်ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာက အခက်တွေ့စရာဖြစ်နေပါတယ်။ ရက်ချ်ဖိုဒ့်ဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေသူဖြစ်ပြီး အသင်းပြောင်းမယ်ဆိုရင်တော့ လုပ်ခလစာလျှော့ယူရမှာလည်းဖြစ်ပါတယ်။
**********************************************
ဖလားသုံးလုံးရခဲ့တဲ့ရာသီက ဂျက်ရဲ့ခြေစွမ်းကို ပြန်လိုချင်ပါတယ်
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ သူ့အသင်းရဲ့တောင်ပံကစားသမား ဂျက် ဂရီးလစ်ချ်အနေနဲ့ ဖလားသုံးလုံးအောင်မြင်မှုရရှိခဲ့တဲ့ရာသီတုန်းက ပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးပြန်ရအောင် ကြိုးစားသင့်တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ချ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ကစားခွင့် ၆ ကြိမ်သာရှိခဲ့ပြီး ပွဲအများစုကို လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရတာပါ။
ဂရီးလစ်ချ်ဟာ ပြီးခဲ့တဲ့စနေညတုန်းက ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပွဲပြီးခါနီး ၆ မိနစ်အလိုမှသာ ဟာလန်းအစား ဝင်ကစားခဲ့ရတာပါ။
ဂွာဒီယိုလာက “ဆာဗင်ဟိုဟာ ဂျက်ထက်ပိုပြီး ခြေစွမ်းပြထားနိုင်ပါတယ်။ ဒါကြောင့်လည်း သူ့ကိုကျော်ပြီး ပွဲကစားခွင့်ရနေတာပါ။ ဖလားသုံးလုံးရတုန်းက ဂျက်ရဲ့ခြေစွမ်းမျိုး ကျွန်တော်ပြန်လိုချင်ပါတယ်၊ ဒီအတွက် သူဟာ ဆာဗင်ဟိုကို ကျော်ပြီး ပွဲထွက်ခွင့်နဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြဖို့ ကြိုးစားရပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဂျက်ဂရီးလစ်ချ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံးဂိုးသွင်းနိုင်ခဲ့တာ ၂၀၂၃ ဒီဇင်ဘာက ဖြစ်ပြီး အခုဆိုရင်တစ်နှစ်ကျော်တောင် ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။
**********************************************
၀ုလ်ဗ်နဲ့ စာချုပ်သစ်ချုပ်နိုင်ဖို့ အာရုံစိုက်ထားတဲ့ အာဆင်နယ်ပစ်မှတ် ကန်ဟာ
အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ မားသီးယပ်စ် ကန်ဟာကတော့ ၀ုလ်ဗ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးရေးကိုပဲ အာရုံစိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဘရာဇီးလ်တိုက်စစ်သမား ကန်ဟာ ဟာ ဒီရာသီမှာ ၀ုလ်ဗ်အတွက် ခြေစွမ်းပြကစားနေပြီး ၁၀ ဂိုးသွင်းကာ ဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်တာကြောင့် ဆာကာ ဒဏ်ရာရသွားခဲ့တဲ့ အာဆင်နယ်က ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်ခဲ့တာပါ။
ဒါပေမဲ့ ကန်ဟာကတော့ ၀ုလ်ဗ်အတွက်ပဲ ပေးဆပ်သွားဖို့ ဆုံးဖြတ်ခဲ့ကာ မကြာခင်မှာ စာချုပ်သစ်ကို ကြေညာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
**********************************************
ကိုလို မူအာနီကို ခေါ်ဖို့ ထိပ်သီးအသင်းတွေ အပြိုင်အဆိုင် စိတ်ဝင်စားနေ
ပီအက်စ်ဂျီအသင်းမှာ ရုန်းကန်နေရတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး ကိုလို မူအာနီကိုခေါ်ယူဖို့အတွက် အေစီမီလန်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်၊ လိုက်ပ်ဇ်စ်တို့အပြင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ စပါးတို့ကလည်း စိတ်ဝင်စားနေကြတယ်လို့ နာမည်ကျော်သတင်းထောက် ဘင် ဂျက်ဘ်ကော့က ဖော်ပြလာခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့နည်းပြ အင်းနရစ်ကလည်း သူ့ရဲ့အနာဂတ်အစီအစဉ်တွေမှာ မူအာနီ မပါဝင်တော့တာကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာရင် လက်ခံစဉ်းစားသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ မူအာနီနဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့ပြီး တရားဝင်ကမ်းလှမ်းမှုတော့ မလုပ်သေးဘူးလို့ သိရှိရပါတယ်။
ဓာတ်ပုံ – Goal, Twitter