တနင်္သာရီမှာ ၁၈ ရက်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅၀ ကျော်သေဆုံး

Author မင်းထက်
Categories
Published on Aug 06, 2024

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ၁၈ ရက်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားပြီး စစ်သားနဲ့ ပျူ ၅၀ ကျော်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရပါတယ်။

 

ဇူလိုင်လ ၁၈ ရက်ကစတင်ပြီး ကျွန်းစုနယ် ဂျိူးတောင်ရွာမှတစ်ဆင့် တနင်္သာရီမြို့နယ် လယ်သစ်ရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူ‌စောထီးတပ် ပူးပေါင်းအင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တာပါ။

 

အဲဒီတိုက်ပွဲတွေထဲ စစ်ကောင်စီတပ် ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅၂ ဦးသေဆုံးတဲ့အပြင် ၁၁ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင် စစ်ကြောင်း(၂)က ဆိုပါတယ်။

 

အဲဒီတိုက်ပွဲတွေထဲ တော်လှန်ရေးအင်အားစုဘက်က မြေပြင်ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် မိုင်းဆွဲတိုက်ခိုက်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ MI 2 ရဟတ်ယာဥ်နဲ့ ဗုံးသီး အလုံး ၂၀ ခန့်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ပွဲကာလအတွင်း သပြေပင်ရွာမှ ဘုန်းကြီးတစ်ပါးနဲ့ သထာရွာမှ ဒေသခံအမျိုးသားနှစ်ဦးတို့ကို စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့ပြီးနောက် ဘုန်းကြီးပြန်လွတ်ခဲ့ပေမဲ့ ပြည်သူနှစ်ဦးတော့ မလွတ်သေးဘူးလို့ မြိတ်ခရိုင် စစ်ကြောင်း(၂)ထံမှ သိရပါတယ်။

 

“စကစတွေက ရွာသစ်ရွာကထွက်ပြီး သထာရွာကနေတစ်ဆင့် ပျူးအင်အားကောင်းတဲ့ ကျေးရွာတွေဘက်ကို မနေ့(သြဂုတ် ၅ ရက်)က နောက်ပြန်ဆုတ်သွားတာပါ” လို့ မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အထက်ပါ စစ်ကြောင်း၀င်ရောက်ခြင်းနဲ့ ထိတွေ့မှုတွေအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)က ရဲဘော်တစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရခဲ့ပြီး အရပ်သားဥယာဉ်ခြံစောင့်တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကြောင်း(၂)က သတင်းထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ -မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂