ရန်ကုန်၊ သာကေတမှာ ဝမ်းရောဂါ ဖြစ်ပွားသူများနေပြီး သေဆုံးသူ ငါးဦးထိရှိလာ လမ်းဘေးစားသောက်ဆိုင်တွေ ဇူလိုင် ၁၂ အထိ ပိတ်ထားဖို့ စစ်ကောင်စီကြေညာ

Author ကိုထက်
Categories
Published on Jul 06, 2024

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ဇွန်လဆန်းပိုင်းကစလို့ ကာလဝမ်းရောဂါဖြစ်ပွားသူ များပြားနေပြီး သေဆုံးသူ ငါးဦးအထိရှိလာပြီလို့ အဲဒီမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများထံမှ သိရပါတယ်။

 

အဲဒီမြို့နယ် ထူပါရုံနဲ့ အနော်မာရပ်ကွက်တို့မှာ ရောဂါအဖြစ်များနေတယ်လို့ သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အဲဒီမှာ သေဆုံးသူက ငါးယောက်ရှိသွားပြီ။ တစ်အိမ်တက်ဆင်းကို ဆေးခပ်တာတွေ၊ စစ်ဆေးပေးတာတွေ၊ ဆေးရုံကိုပို့ပေးတာတွေကို ဆက်တိုက်လုပ်နေရတယ်” လို့ ၎င်းက ပြောပါတယ်။

 

သာကေတမြို့နယ် ထွေ/အုပ်ကလည်း မြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများနေလို့ လမ်းဘေးစားသောက်ဆိုင်တွေ ဇူလိုင် ၁၂ ရက်အထိ ပိတ်ထားဖို့ ရပ်ကွက်များထဲ ယမန်နေ့ ဇူလိုင် ၅ ရက်ညပိုင်းက ကားများဖြင့် လိုက်လံကြေညာနေတယ်လို့ သာကေတမြို့နယ် ၇ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“ထွက်ရင်ဖမ်းမယ်ပေါ့။ အခုကြားရတာက ရန်ကုန်ဆေးရုံကြီးမှာလည်း လူနာတွေပြည့်နေပြီလည်း ပြောနေကြတယ်” လို့ ၎င်းက ပြောပါတယ်။

 

ပြင်းထန် ဝမ်းရောဂါကို အချိန်မီ ဆေးကုသမှုမခံယူပါက အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်ပွားနိုင်တယ်လို့ UNICEF Myanmar က အသိပေးထားပါတယ်။

 

ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာတွေကတော့ ဆန်ဆေးရည်လို ဝမ်းသွားခြင်း၊ ပျို့အန်ခြင်း၊ ကြွက်တက်သလိုဖြစ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အားအင်ချိနဲ့ခြင်းတို့ဖြစ်ပါတယ်။

 

ဒါကြောင့် ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာနေထိုင်သူတွေအနေနဲ့ အထက်ဖော်ပြပါ ရောဂါလက္ခာဖြစ်ပွားခဲ့ပါက သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ လူမှုရေးအသင်းတွေကို ဆက်သွယ်အကူအညီတောင်းကာ ဆေးကူသမှုခံယူဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

 

ဓာတ်ပုံများ – သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း၊ UNICEF Myanmar