ရန်ကုန်မှာ လူငယ်တွေ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံနေရပြန်

Author ကိုထက်
Categories
Published on Jul 06, 2024

ရန်ကုန်မြို့က မြို့နယ်တချို့မှာ အဆောင်နေလူငယ်တချို့ကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးစစ်ဆေးမှုတွေလုပ်နေပြန်တယ်လို့ စစ်ဆေးခံခဲ့ရတဲ့လူငယ်တွေနဲ့ ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက လမ်းမတော်မြို့နယ် ၁၆ လမ်း အထက်ဘလောက်က အဆောင်‌တွေကို ညပိုင်းဧည့်စာရင်းစစ်ပြီး ရက်ကျော်လို့ဆိုကာ အဆောင်နေလူငယ်တချို့ကိုဖမ်းဆီးသွားပြီး ငွေဒဏ်ရိုက်၊ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ကြုံတွေ့ခဲ့ရတဲ့ လူငယ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကုမွဏီကအလုပ်တွေများနေကြလို့ မေ့ပြီးဧည့်စာရင်းမတိုင်မိလိုက်တာ။ ဟိုနေ့ကဝင်စစ်တယ်။ ရက်တွေကျော်နေတော့ မင်းတို့တွေအကုန်လိုက်ခဲ့လို့ပြောပြီး ခေါ်သွားတာ။ ရဲစခန်းမှာစစ်တာ။ ဖုန်းတွေဘာတွေရော။ အဓိကစစ်တာတော့ PDF သံသယနဲ့စစ်တာ။ နောက် ဘာမှရှာလို့မတွေ့တော့ ဒဏ်ငွေရိုက်ပြီးပြန်လွှတ်တာ” လို့ လမ်းမတော်မြို့နယ်မှာ အဆောင်နေထိုင်သူ လူငယ်တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် တောင်ဒဂုံမြို့နယ်မှာလည်း ဇူလိုင်လ ၃ ရက် ညပိုင်းက ၅၆ ရပ်ကွက်ရုံးနား‌ဗုံးပေါက်မှုအပြီး အဆောင်တွေကို ဧည့်စာရင်းစစ်ပြီး လူငယ်တချို့ဖမ်းဆီးခံရတယ်လို့ အဲဒီရပ်ကွက်နေသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဗုံးပေါက်တာကလည်း ဘယ်သူမှလည်းမထိပါဘူး။ ကြည့်ရတာ လူငယ်တွေကို ရမယ်ရှာဖမ်းချင်လို့ သူတို့ပဲဖောက်သလားမသိဘူး။ ရပ်ကွက်ရုံးနားကအဆောင်တွေက ကောင်လေးတွေကိုဖမ်းသွားတယ်။ တချို့လည်း ပြန်ရောက်လာပြီ။ တချို့လည်းပြန်ရောက်မလာသေးတဲ့သူတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

အခုလပိုင်းတွေမှာ စစ်ကောင်စီရဲ့နေရာအတော်များများကို မြို့ပြပျောက်ကြားအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်တာတွေ ခပ်စိတ်စိတ်လုပ်လာနေတာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတဲ့အတွက် အခုလို အများပြည်သူရပ်ကွက်တွေထဲအထိ ရှာဖွေတာတွေ လုပ်နေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအတွက် စစ်သားစုဆောင်းရာမှာ လူငယ်လူရွယ်တွေကို အဓမ္မဖမ်းဆီး စုဆောင်းမှုတွေအပြင် ခြိမ်းခြောက်ငွေညှစ်မှုတွေလည်း လုပ်ဆောင်နေပါတယ်။

 

ပုံစာ – ရန်ကုန်မြို့တွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်မှ တားဆီးနေပုံ (ပုံအဟောင်း)