ဖလမ်းမှာ မြေမြှုပ်မိုင်း နင်းမိလို့ အမျိုးသားကြီး ၁ ဦး သေဆုံး

Author ဆလိုင်း
Categories
Published on Jun 06, 2024

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ကြောင်ဟဲင်းကျေးရွာမှာ အသက် ၆၂ နှစ်အရွယ် အမျိုးသား တစ်ဦး မနေ့ ဇွန်လ ၅ ရက်က သူရဲ့ ဥယျာဉ်ခြံကို သွားရောက်စဉ် စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့တယ်လို့ အဲဒီက ဒေသခံဆီကနေ သိရပါတယ်။

 

“ဗားရ်းစခန်း အထက်နားမှာ သူရဲ့ သရက်ခြံရှိတယ်။ အဲဒီ သရက်ခြံ သွားရင်း စစ်တပ် မိုင်းနင်းမိလို့ ခြေထောက် နှစ်ဖက်လုံးပြတ်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းကို ရွာမှာပဲ ဒီနေ့(ဇွန် ၆ ရက်) သင်္ဂြိုလ်လိုက်ပါပြီ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ ဗားရ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ အဲဒီစခန်းအနီး စစ်ကောင်စီ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေရှိနေပြီး ပြီးခဲ့တဲ့နှစ်ထဲ အဲဒီနားက မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ပါသေးတယ်။

 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်မှာ မြေမြုပ်မိုင်း နင်းမိလို့ အရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ဆီက သိရပါတယ်။

 

ဓာတ်ပုံ – CJ