ဂါဇာဒေသက ကလေးငယ် ၉၀ ရာခိုင်နှုန်း ကြီးထွားမှုအတွက် လုံလောက်တဲ့ အာဟာရ မရလို့ UNICEF ပြော

Author အဂ္ဂ
Categories
Published on Jun 06, 2024

ဂါဇာဒေသမှာရှိတဲ့ ကလေးငယ် ဆယ်ဦးမှာ ကိုးဦးဟာ သူတို့တွေ ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးလာဖို့အတွက် လုံလောက်တဲ့ အစားအစာအုပ်စုတွေထဲက အာဟာရဖြစ်စေမယ့် အစားအစာတွေ မစားနိုင်ကြဘူးလို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရံပုံငွေအဖွဲ့(UNICEF)က ဒီကနေ့ ဇွန် ၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

 

“ဂါဇာဒေသမှာ လနဲ့ချီပြီး ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေကို ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အစားအသောက်နဲ့ ကျန်းမာရေးစနစ်တွေအားလုံး ပြိုလဲ ပျက်စီးခဲ့ရပြီး အဲဒီဒေသက ကလေးသူငယ်တွေနဲ့ သူတို့တွေရဲ့ မိသားစုတွေအတွက် ကပ်ဘေးဆိုးကြီး ဖြစ်ပွားခဲ့ရပါတယ်” လို့ UNICEF က ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ အခုနှစ် ဧပြီလအထိ ငါးလအတွင်း စုဆောင်းထားတဲ့ အချက်အလက် ငါးစုံအရ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ စတင်ခဲ့တဲ့ အစ္စရေးတို့ရဲ့ ထိုးစစ်အတွင်း ဂါဇာကမ်းမြှောင်ဒေသက ကလေးငယ် ဆယ်ဦးမှာ ကိုးဦးဟာ အစားအစာ ရှားပါးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရပြီး နေ့တိုင်း အစားအစာအုပ်စု နှစ်ခု ဒါမှမဟုတ် အဲဒီထက်ပိုနည်းတဲ့ အစားအစာ နည်းနည်းလေးကိုပဲ စားသောက်ပြီး အသက်ရှင်နေရတယ်လို့ သိရပါတယ်။

 

“အခုလိုဖြစ်နေတာက ပဋိပက္ခတွေနဲ့ ကန့်သတ်မှုတွေဟာ မိသားစုတွေကို သူတို့တွေရဲ့ သားသမီးတွေရဲ့ အာဟာရလိုအပ်ချက်ကို ပြည့်မီစေဖို့ ဖြည့်ဆည်းပေးနိုင်မှုအပေါ် ဘယ်လောက်ထိ ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိနေလဲဆိုတဲ့ သက်သေပါပဲ။ ပြီးတော့ ဒါဟာ ကလေးငယ်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လောက်တဲ့ အာဟာရ ချို့တဲ့မှုအဖြစ်မျိုးကို အလျင်အမြန်ပဲ ရောက်ရှိလာနေတာပါ” လို့ UNICEF က ပြောပါတယ်။

 

အစ္စရေးဘက်ကတော့ ဂါဇာဒေသက အရပ်သားပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့တွေ ပို့ဆောင်ကူညီတဲ့ ကိစ္စတွေကို ကန့်သတ်ထားတာမျိုးမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂ (UN) ရဲ့ ဆောင်ရွက်မှုတွေဟာ လုံလောက်မှုမရှိဘဲ အထောက်အပံ့တွေ ပို့ဆောင်ရာမှာလည်း နှေးကွေးနေတယ်လို့ ပြန်လည် အပြစ်တင်ခဲ့ပါတယ်။

 

ဒါပေမဲ့ ဂါဇာဒေသမှာ ကလေးသူငယ်တွေဟာ အာဟာရချို့တဲ့မှုနဲ့ ရေဓာတ်ခမ်းခြောက်မှုတွေကြောင့် သေဆုံးနေရတဲ့အထိ အငတ်ဘေးကြီးက ပိုပိုပြီး ဆိုးလာနေတဲ့အတွက် အစ္စရေးရဲ့ အမာခံ မဟာမိတ်တွေကတောင် ဂါဇာဒေသကို အစားအသောက်တွေ ပိုပြီးရရှိစေဖို့အတွက် လုပ်ဆောင်ပါဆိုပြီး အစ္စရေးကို ဖိအားပေးနေရပါတယ်။

 

ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ရရှိဖို့ဆိုရင် ကလေးငယ်တွေဟာ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့က မတူကွဲပြားတဲ့ အာဟာရတန်ဖိုးတွေအခြေခံပြီး သတ်မှတ်ထားတဲ့ အစားအစာအုပ်စု ရှစ်ခုထဲက အနည်းဆုံး အုပ်စုငါးစုထဲပါဝင်တဲ့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားသုံးရမှာလည်းဖြစ်ပါတယ်။

 

အဲဒီအစားအစာအုပ်စုတွေထဲမှာ မိခင်နို့၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေ ပါဝင်ကြပြီး အခြား အစားအစာအုပ်စု ထဲမှာတော့ အသား၊ ကြက်သားနဲ့ ငါးတို့ပါဝင်ကြပါတယ်။

 

တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးငယ်တွေရဲ့ ၂၇ ရာခိုင်နှုန်းဟာ သူတို့တွေရဲ့ အစောပိုင်း ကလေးဘဝတွေမှာ အစားအသောက် ချို့ငဲ့မှုတွေ ကြုံတွေ့နေရပြီး အရေအတွက်အားဖြင့် အသက်ငါးနှစ်အောက် ကလေးငယ် ၁၈၁ သန်းရှိတယ်လို့ UNICEF က ဆိုပါတယ်။

 

အစ္စရေးဘက်က ဖော်ပြတဲ့ ကိန်းဂဏန်းတွေအရ အစ္စရေးတောင်ပိုင်းကို ဟားမက်စ်တိုက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၇) ရက်မှာဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း (၁၂၀ဝ) ကျော်သေဆုံးပြီး (၂၅၃) ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခံလိုက်ရပြီးချိန်ကစလို့ ဂါဇာဒေသကို အစ္စရေးတို့က မြေပြင်နဲ့ လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာက ဒီကနေ့အထိပါပဲ။

 

အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်မှုကြောင့် ဂါဇာဒေသမှာ ကလေးငယ် ၁၄,၅၀ဝ နဲ့ အမျိုးသမီး ၉,၅၀ဝ ကျော်အပါအဝင် လူပေါင်း ၃၆,၅၀ဝ ကျော်သေဆုံးခဲ့ရပြီး ၇၇,၆၀ဝ ကျော်လည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲက ၇၅ ရာခိုင်နှုန်းလောက်ကလည်း အမျိုးသမီးတွေဖြစ်ပါတယ်။

 

ဓာတ်ပုံ- REUTERS/Mohammed Salem

 

ကိုးကား – Reuters