အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ ကြံ့ခိုင်ရေးနဲ့ ၁၉ ပါတီဆို

Author ကိုထားဝယ်
Categories
Published on Jun 06, 2024

အဝေးရောက် NUG, CRPH, PDF နဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံအတွင်းလုပ်ဆောင်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းပြင်းထန်ထန် ဆန့်ကျင်၊ ကန့်ကွက်၊ ရှုတ်ချတယ်လို့ ကြံ့ခိုင်ရေးဦးဆောင်တဲ့ ပါတီ ၂၀ က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

 

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့လုပ်နေတဲ့ နိုင်ငံရေးပါတီ ၂၀ က တနင်္သာရီတိုင်း၊ လောင်းလုံမြို့ကနေ ထားဝယ်မြို့ဆီ ကျောင်းသားတွေကိုလိုက်ပို့တဲ့မော်တော်ယာဉ် ပဥ္စသီမော်ကျေးရွာနားမှာ ဇွန်လ ၄ ရက် မနက်ပိုင်းက တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး PDF တွေလုပ်တာလို့ လက်ညှိုးထိုးပါတယ်။ အဲဒီမှာ ကျောင်းသား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် အဲဒီနေ့ မွန်းလွဲပိုင်းမှာ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းရှိ မပေါက်ကွဲဘဲ ကျန်တဲ့ ဗုံးသီးပေါက်ကွဲတဲ့ဖြစ်စဉ်မှာ ကျောင်းသားငယ်တစ်ဦး သေဆုံးခဲ့သလို ကျောင်းသား/သူနဲ့ ပြည်သူ ၂၅ ဦးထိခိုက်ဒဏ်ရာရခဲ့တာကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ လုပ်တာလို့ စွပ်စွဲပြန်ပါတယ်။

 

ဒါပေမဲ့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုးမရှိသေးသလို ဘယ်အဖွဲ့က လုပ်တာလဲဆိုတာ တိတိကျကျထုတ်ပြောထားတာမျိုးလည်း မရှိကြသေးပါဘူး။

 

ဒါပေမဲ့ အဲဒီက ဒေသခံတွေကတော့ ဒီဖြစ်ရပ်တွေကို စစ်ကောင်စီတပ်တွေကပဲ လုပ်တာလို့ အသီးသီးမှတ်ချက်ပေးထားကြပါတယ်။

 

ဆက်လက်ပြီး ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့ ပါတီတွေဟာ အခုလိုအကြမ်းဖက်လုပ်ရပ်တွေကို လက်မခံ ဆန့်ကျင်နေကြတဲ့ သန်းပေါင်းများစွာသော တိုင်းရင်းသားပြည်သူတွေကို ကိုယ်စားပြုပြီး ဒီနှစ် မတ်လ ၃ ရက်နေ့က ၂၄ ပါတီ ပူးပေါင်းထုတ်ပြန်ချက်၊ မေလ ၂၈ ရက်က စစ်ကောင်စီနဲ့ ပါဝင်ပတ်သက်သူတွေကို နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ ၂၅ ပါတီ ထုတ်ပြန်ချက်နဲ့ ယခု ဇွန်လ ၅ ရက်နေ့ ပါတီ ၂၀ ပူးတွဲထုတ်ပြန်ချက်တွေကို ထုတ်ပြန်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဇွန်လ ၃ ရက်ကစလို့ နိုင်ငံအတွင်း စစ်ကောင်စီ အခြေခံပညာကျောင်းတွေ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒါနဲ့ အချိန်ကိုက် တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ တနင်္သာရီတိုင်းထဲက လောင်းလုံနဲ့ ထားဝယ်မြို့တွေက ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဩဇာခံ နိုင်ငံရေးပါတီတွေက PDF တွေကို နာမည်ဖျက်ဖို့ ကြိုးပမ်းလာခဲ့ကြတာလို့ ယူဆနေကြပါတယ်။

 

ဒီနှစ် စစ်ကောင်စီ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား/သူ ဦးရေ ၆ ဒသမ ၅ သန်းကျော်လာရောက်အပ်နှံခဲ့တယ်လို့ ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ စာသင်နှစ်က ၈ သန်းကျော်ထက် ၁ ဒသမ ၅ သန်းကျော် လျော့နည်းသွားတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – ကြံ့ခိုင်ရေးပါတီ

 

ပုံစာ – မေလ ၂၈ ရက် ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းရုံးမှာ ပြုလုပ်ခဲ့တဲ့ ၂၅ ပါတီ Sanction ရှုတ်ချပွဲမှာတွေ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနဲ့ တခြားပါတီတာဝန်ရှိသူများ