၁၂ လ ဆက် အပူချိန်မြင့်တက်မှုစံချိန်နဲ့အတူ စံချိန်ထပ်ချိုးဖို့ အလားအလာ ရာခိုင်နှုန်းများ

Published on Jun 06, 2024

ပြီးခဲ့တဲ့နှစ်နွေဟာ အပူဆုံးလို့ထင်မှတ်ခဲ့ရင် အဲဒီထက်ပူတဲ့နွေကို ကမ္ဘာ့လူသားတွေ လာမယ့်နှစ်တွေမှာ ဆက်လက်ရင်ဆိုင်ရဦးမယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းထားချက်တွေကို ကိုးကားပြီး ကျွမ်းကျင်ပညာရှင်တွေက မနေ့ ဇွန် ၅ ရက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ထုတ်ဖော်ပြောကြားကြပါတယ်။

 

ကမ္ဘာကြီးဟာ အရင်က တစ်ခါမှမကြုံဖူးတဲ့ အပူချိန်ကို (၁၂)လတိတိ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ‘ထိတ်လန့်စရာကောင်းလှတဲ့ မှတ်တိုင်သစ်တစ်ခု’ ကို စိုက်ထူခဲ့တယ်လို့ ဥရောပသမဂ္ဂ(EU)ရဲ့ ရာသီဥတုလေ့လာစောင့်ကြည့်ရေးဌာနဖြစ်တဲ့ ကော့ပါးနီးကပ်စ်(Copernicus)ရဲ့ ဗုဒ္ဓဟူးနေ့ ဇွန် ၅ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဇွန်လကနေ ယခုနှစ် မေလအထိ လတိုင်းလတိုင်းဟာ ကမ္ဘာကြီးရဲ့ အပူဆုံးလတွေဖြစ်ခဲ့တယ်လို့ ကော့ပါးနီးကပ်စ်ရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။

 

“လူတွေကြောင့်ဖြစ်လာတဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် အခုလို ၁၂ လ ဆက်တိုက် အပူချိန်တွေ မြင့်တက်လာခဲ့တာက တုန်လှုပ်စရာကောင်းပေမဲ့ အံ့ဩစရာတော့ မဟုတ်ပါဘူး။ နောက်ဆို အခုထက်ကို ပိုပြီး ဆိုးလာဦးမှာပါ” လို့ ကော့ပါးနီးကပ်စ်ရဲ့ ဒါရိုက်တာ ကာလို ဘွန်တန်ပို (Carlo Buontempo)က သတိပေး ပြောကြားခဲ့ပါတယ်။

 

ကမ္ဘာကြီးကို ပူနွေးစေတဲ့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုရာကနေဖြစ်လာတဲ့ ညစ်ညမ်းမှုတွေကို သိသိသာသာ မလျှော့ချနိုင်ဘူးဆိုရင် အခုလို (၁၂)လဆက်တိုက် အတန်းလိုက်ကြီး အပူချိန်မြင့်တက်လာမှုဟာ အေးသေးတယ်လို့တောင် မှတ်ယူရတော့မယ့်အနေအထားမျိုး ရောက်လာမှာပါလို့ သူက ဆက်ပြောပါတယ်။

 

ကော့ပါးနီးကပ်စ်က ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထုတ်ပြန်ခဲ့တဲ့ နေ့မှာပဲ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်(António Guterres)က နယူးယောက်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ “ရုပ်ကြွင်းလောင်စာကုမ္ပဏီတွေဟာ ရာသီဥတု ကမောက်ကမဖြစ်စေတဲ့ ခေါင်းကိုင်ဖခင်တွေဖြစ်တယ်” လို့ ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပြီး အဲဒီကုမ္ပဏီတွေရဲ့ ရုပ်ကြွင်းလောင်စာထုတ်ကုန် ကြော်ငြာတွေကို တားမြစ်ပိတ်ပင်ဖို့ဆိုပြီးတော့လည်း ပထမဦးဆုံးအကြိမ်အဖြစ် အတိအလင်း တောင်းဆိုခဲ့ပါသေးတယ်။

 

ဒါ့အပြင် ဂူတာရက်စ်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း တစ်စထက်တစ်စ ပိုပိုပြီး ဆိုးရွာလာနေတဲ့ ရာသီဥတုအကျပ်အတည်းကြီးကို အလျင်အမြန်ကိုင်တွယ်ဖြေရှင်းဖို့တိုက်တွန်းခဲ့ပါတယ်။

 

“ကျွန်တော်တို့ဟာ ကမ္ဘာကြီးနဲ့ တကယ့်ကို အန္တရာယ်များလှတဲ့ ကစားပွဲကို ကစားနေမိကြတာပါပဲ။ ရာသီဥတု ငရဲတွင်းကြီးထဲ ကျမသွားဖို့အတွက် ကျွန်တော်တို့ ထွက်ပေါက်တစ်ခုတော့ လိုအပ်နေပါပြီ” လို့လည်း သူက ဆက်ပြောပါတယ်။

 

ကော့ပါးနီးကပ်စ်ရဲ့ အချက်အလက်တွေအရဆိုရင်လည်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစလို့ ကမ္ဘာကြီးရဲ့အပူချိန်ဟာ လူတွေ ရုပ်ကြွင်းလောင်စာတွေ အမြောက်အမြား စတင်သုံးစွဲပြီး ကမ္ဘာကြီးပူနွေးမှုတွေ စပြီးဖြစ်စေခဲ့တဲ့ စက်မှုတော်လှန်ရေးအချိန်မတိုင်မီကထက် တစ်လပြီးတစ်လ အနည်းဆုံး အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုပိုပြီး ပူနွေးလာခဲ့တယ်လို့လည်း သိရပါတယ်။

 

ပြီးခဲ့တဲ့ ၁၂ လအတွင်း ကမ္ဘာကြီးရဲ့ ပျှမ်းမျှအပူချိန်ဟာ စက်မှုတော်လှန်ရေး မတိုင်မီအချိန်ကထက် ၁ ဒသမ ၆၃ ဒီဂရီ ဆဲလ်ဆီးယက် ပိုပြီးမြင့်မားလာခဲ့တာလည်းဖြစ်ပါတယ်။

 

၂၀၁၅ ခုနှစ်မှာ နိုင်ငံ(၂၀ဝ)ကျော် ရေးထိုးခဲ့ကြတဲ့ ပဲရစ်သဘောတူညီချက်အရ ကမ္ဘာကြီးရဲ့ ပျှမ်းမျှအပူချိန်ဟာ စက်မှုတော်လှန်ရေးမတိုင်မီ အချိန်ကထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်ဆီးယက်အောက်သာ ရှိနေရမှာလည်း ဖြစ်ပါတယ်။

 

သိပ္ပံပညာရှင်တွေကတော့ စာချုပ်ရဲ့ရည်ရွယ်ချက်ဟာ ဆယ်စုနှစ်နဲ့ချီတဲ့ အချိန်ကာလတွေရဲ့ ပူနွေးလာမှုတွေကို ရည်ညွှန်းတာဖြစ်ပြီး လအလိုက် ဒါမှမဟုတ် နှစ်အလိုက် အပူချိန်တွေကို ရည်ညွှန်းတာမဟုတ်ပေမဲ့ အခုလိုမျိုး အပူချိန်စံချိန်ချိုးခဲ့တာမျိုးက ထိတ်လန့်စရာကောင်းတဲ့ အချက်ပြမှုတွေဖြစ်တယ်လို့ ဆိုကြပါတယ်။

 

“ဒါဟာ တဖြည်းဖြည်းပိုပိုပြီးဆိုးလာနေတဲ့ ရာသီဥတုပြောင်းလဲမှု ဘေးအန္တရာယ်တွေရဲ့ အကျိုးသက်ရောက်မှုဟာ မိုးကုတ်စက်ဝိုင်းနဲ့ပါ နီးကပ်လာပြီဆိုတဲ့ ရှေ့ပြေးနိမိတ်တွေပါပဲ” လို့ ဗြိတိန်နိုင်ငံ ရီးဒင်း တက္ကသိုလ်က ရာသီဥတုဆိုင်ရာ ပါမောက္ခ ရစ်ချက်အယ်လန်(Richard Allan)က ပြောပါတယ်။

 

အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်းမှာဆိုရင်လည်း အခုနှစ်နွေရဲ့ ပထမဦးဆုံး အပူလှိုင်းကို ကြုံတွေ့နေရချိန်မှာ အပူချိန်ဟာ ဂဏန်းသုံးလုံးအထိမြင့်တက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အခုနှစ်နွေရာသီမှာဆိုရင်လည်း မကြုံစဖူး ပူပြင်းလှတဲ့ အပူချိန်ကြောင့် ကမ္ဘာတဝှမ်းမှာ သေကြေပျက်စီးတာတွေကိုလည်း အထင်းသား မြင်တွေ့နေရပါတယ်။

 

ပြီးခဲ့တဲ့အပတ်အတွင်းမှာပဲ အိန္ဒိယနိုင်ငံမှာ အပူချိန် ၅၀ ဒီဂရီဆဲလ်ဆီးယက်(၁၂၂ ဒီဂရီ ဖာရင်ဟိုက်)အထက်ကို ကျော်လွန်ခဲ့တာကြောင့် လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့တာတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေမှာ အပူချိန် ဆိုးရွားပြင်းထန်လွန်းတာကြောင့် လူသေဆုံးတာ၊ စာသင်ကျောင်းတွေ ပိတ်လိုက်ရတာ၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာ စတဲ့အဖြစ်တွေနဲ့ မက္ကဆီကိုနိုင်ငံမှာဆိုလည်း အပူချိန် မြင့်တက်ခဲ့တဲ့အတွက် မျောက်တွေ သစ်ပင်ပေါ်က ပြုတ်ကျသေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။

 

အခုနှစ်အတွင်းမှာပဲ အမေရိကန်၊ ဘရာဇီး၊ ကင်ညာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေမှာ လေပူတွေနဲ့ သမုဒ္ဒရာတွေကြောင့်ဖြစ်လာတဲ့ မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ အဖျက်မုန်တိုင်းတွေရဲ့ တိုက်ခတ်၊ ရွာသွန်းမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါသေးတယ်။

 

လန်ဒန်အင်ပီရီယယ်ကောလိပ်က ဂရမ်သမ်အင်စတီကျု(Imperial College London’s Grantham Institute)က သုတေသီတစ်ဦးဖြစ်သူ ဘန်ကလာ့ခ်(Ben Clarke)ကတော့ “မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့အပူချိန်ဟာ လူသားတွေရဲ့ အသက်ရှင်နိုင်စွမ်းကန့်သတ်ချက်တွေကို စိန်ခေါ်နေတဲ့ အပူချိန်တွေရှိရာ အနာဂတ်ဆီသွားနိုင်တဲ့ ပြတင်းတံခါးတစ်ခုကို ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။

 

“ပူနွေးလာမှု တစ်ဒီဂရီရဲ့ ဆယ်ပုံတစ်ပုံတိုင်းဟာ လူအများစုအတွက် အန္တရာယ်ရှိပြီး သေစေနိုင်လောက်တဲ့ အပူချိန်ဖြစ်တယ်ဆိုတာကို လူတွေ နားလည်သဘောပေါက်ဖို့က အလွန်အရေးကြီးပါတယ်” လို့ သူက CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

 

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူကတော့ လူတွေရဲ့ လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်ပျက်စီးစေတယ်လို့ ပြောပါတယ်။

 

“ရာသီဥတုကမောက်ကမဖြစ်မှုတွေက ဆိုးရွားပြင်းထန်တဲ့ အဖြစ်အပျက်တွေ ပိုပိုပြီး ဖြစ်စေတဲ့အတွက်၊ အသက်အိုးအိမ် စည်းစိမ်တွေ ပျက်စီးရတာ၊  စီးပွားရေးတွေ နိမ့်ကျပြီး ကျန်းမာရေးတွေ ပိုပြီး ထိခိုက်လာနေတာတွေလည်း ကြုံတွေ့နေရတယ်” လို့ မစ္စတာ ဂူတာရက်စ်က ဆိုပါတယ်။

 

လက်ရှိမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် လူသားတွေဟာ အလွန်ကြီးမားတဲ့ အကျိုးဆက်တွေကို ခံစားနေရပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းလောက်က ဒိုင်နိုဆောတွေကို မျိုးသုဉ်းစေခဲ့တဲ့ကမ္ဘာကို ဥက္ကာပျံတွေ ဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ဆင်တူတယ်လို့လည်း သူက ဆိုခဲ့ပါသေးတယ်။

 

“ရာသီဥတုဖြစ်စဉ်ကြီးထဲမှာဆိုရင် ကျွန်တော်တို့က ဒိုင်နိုဆောတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဥက္ကာပျံတွေပါ။ ကျွန်တော်တို့က အန္တရာယ်ထဲ ကျရောက်နေတာမျိုး မဟုတ်ဘဲ ကျွန်တော်တို့ ကိုယ်တိုင်ကိုက အန္တရာယ်တွေ ဖြစ်နေတာပါပဲ” လို့ မစ္စတာ ဂူတာရက်စ်က ဆက်ပြောပါတယ်။

 

မကြာခင် မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် ကမ္ဘာကြီးပူနွေးမှုကို စံချိန်တင်တဲ့အထိဖြစ်စေခဲ့တဲ့ အယ်နီညို (ကမ္ဘာကြီးရဲ့ ပျှမ်းမျှအပူချိန်ကို မြင့်တက်စေတဲ့ သဘာဝရာသီဥတုဖြစ်စဉ်)ကာလဟာ လာမယ့် လအနည်းငယ်အတွင်းမှာပဲ လက်ရှိအပူချိန်ထက် လျော့နည်းသွားမယ်လို့ မျှော်လင့်ရပါတယ်။

 

ဒါပေမဲ့ လူတွေဟာ ကမ္ဘာကြီး ပူနွေးလာမှုဖြစ်စေတဲ့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကို ဆက်ပြီးလုပ်နေတာ ဖြစ်တဲ့အတွက် အခုလို ကာလရှည်ကြာ အပူချိန်ဆက်တိုက်မြင့်တက်လာမှုဟာ အဆုံးသတ်သွားမယ်လို့တော့ ပြောလို့မရပါဘူး။

 

“အခုလို စံချိန်တင်ခဲ့တဲ့ တစ်ဆက်တည်း အပူချိန်မြင့်တက်လာတဲ့ လတွေဟာ တဖြည်းဖြည်း ရပ်သွားနိုင်ပေမဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကတော့ ဆက်ရှိနေပြီး ဖောက်ပြန်ပြောင်းလဲမှုတွေ ရပ်သွားမယ့် လက္ခဏာမျိုးတော့ မတွေ့မိပါဘူး” လို့ မစ္စတာ ဘွန်တန်ပိုက ဆိုပါတယ်။

 

မစ္စတာဂူတာရက်စ်ရဲ့ မိန်းခွန်းထဲမှာလည်း ၂၀၂၄ ခုနှစ်ကနေ ၂၀၂၈ ခုနှစ်အတွင်းက တစ်နှစ်နှစ်ဟာ ၂၀၂၃ ခုနှစ်မှာစံချိန်တင်ထားတဲ့ ကမ္ဘာ့အပူဆုံးနှစ်ဆိုတဲ့ စံချိန်ကို ချိုးဖျက်သွားနိုင်ခြေ ၈၆ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း(WMO)ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

WMO ရဲ့တွက်ချက်မှုတွေအရဆိုရင်လည်း ၂၀၂၄ ကနေ ၂၀၂၈ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း ကမ္ဘာကြီးရဲ့ ပျှမ်းမျှအပူချိန်ဟာ စက်မှုတော်လှန်ရေးမတိုင်မီခေတ်ကထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်ဆီးယက်နဲ့အထက် ပိုပူနိုင်ခြေ ၅၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါဟာ ပဲရစ်သဘောတူညီချက်ကို ချိုးဖောက်သွားဖို့ ပိုပြီးနီးကပ်လာတဲ့ အနေအထားမျိုးလည်းဖြစ်ပါတယ်။

 

မစ္စတာဂူတာရက်စ်က ရာသီဥတုအကျပ်အတည်းအတွက် ရုပ်ကြွင်းလောင်စာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေတဲ့ ကုမ္ပဏီတွေဟာ “စံချိန်တင် အမြတ်အစွန်းတွေရယူနေပြီး အခွန်ထမ်းပြည်သူတွေအတွက် ထောက်ပံ့ငွေထဲက ထရီလီယံနဲ့ချီတဲ့ ငွေတွေကိုလည်း စားသုံးနေကြတယ်”လို့ ပြင်းပြင်ထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပါသေးတယ်။

 

“ဒီကုမ္ပဏီတွေဟာ ဆယ်စုနှစ်များစွာအတွင်း ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေအသုံးပြုပြီး အမှန်တရားကို ဖုံးကွယ်ရင်း လူတွေကိုလိမ်လည်လှည့်ဖျားခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေလိုမျိုးကို ကြော်ငြာတွေပိတ်ပင်သလိုပဲ ရုပ်ကြွင်းလောင်စာ ကုမ္ပဏီတွေရဲ့ ကြော်ငြာတွေကိုလည်း ပိတ်ပင်သင့်တယ်လို့ သူက နိုင်ငံတိုင်းကို တောင်းဆိုခဲ့တာပါ။

 

“ကျွန်တော်တို့က အမှန်တရားကို ထုတ်ဖော်ရမယ့်အချိန်ရောက်ပါပြီ၊ အသက်ရှင်နေထိုင်နိုင်မယ့် ကမ္ဘာကြီးအတွက် တိုက်ပွဲဝင်ခြင်းဟာ ဆယ်စုနှစ်အတွင်းမှာပဲ အရှုံးအနိုင်ပေါ်လာမှာပါ” လို့ သူက ဖြည့်စွက်ပြောခဲ့ပါတယ်။

 

ဒါ့အပြင် သူက နိုင်ငံ့ခေါင်းဆောင်တွေကို ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေတဲ့ ညစ်ညမ်းမှုတွေကို ကြီးကြီးမားမား ဖြတ်တောက်လျှော့ချဖို့နဲ့ ကျောက်မီးသွေးစီမံကိန်းအသစ်တွေကို ချက်ချင်းရပ်ပစ်ဖို့ စတဲ့ကိစ္စတွေကို ချက်ချင်း အရေးယူဆောင်ရွက်တာမျိုး လုပ်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

 

ချမ်းသာဖွံ့ဖြိုးတဲ့နိုင်ငံတွေအနေနဲ့ ၂၀၃၀ ခုနှစ်မှာ ကျောက်မီးသွေးသုံးစွဲမှု လုံးဝရပ်တန့်ဖို့၊ ၂၀၃၅ ခုနှစ်မှာ လောင်စာဆီနဲ့ သဘာဝဓာတ်ငွေ့အသုံးပြုမှု ၆၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့နဲ့ ဆင်းရဲပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို အများဆုံးခံရတဲ့ နိုင်ငံတွေကို ရန်ပုံငွေတွေ ပိုမိုစီးဆင်းစေဖို့ဆိုတဲ့ အချက်တွေကို ကတိပြုကြဖို့လည်း သူက ထပ်ပြီးတိုက်တွန်းခဲ့ပါသေးတယ်။

 

“ကျန်တဲ့သူတွေက နေထိုင်လို့မရလောက်တဲ့ထိဖြစ်နေတဲ့ မြေတွေမှာ သေစေနိုင်လောက်တဲ့ ရာသီဥတုရဲ့ အပြစ်ဒဏ်ခတ်မှုကို ခံနေရချိန် ချမ်းသာကြွယ်ဝတဲ့သူတွေက လေအေးပေးစက်ကထွက်လာတဲ့ လေနုအေးလေးတွေရဲ့ အကာအကွယ်အောက်မှာ အေးဆေးနေနေတဲ့ အနာဂတ်မျိုးကို ကျွန်တော်တို့ လက်သင့်ခံမှာ မဟုတ်ပါဘူး” လို့ မစ္စတာ ဂူတာရက်စ်က ပြောခဲ့ပါတယ်။

 

ဓာတ်ပုံ- Jon Shapley/Houston Chronicle/Getty Images

 

ကိုးကား- CNN