ရန်ကုန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ခု ဗုံးခွဲတိုက်ခိုက်ခံရ၊ ဒဏ်ရာရသူတွေရှိတယ်လို့ ဆို

Author ကိုထက်
Categories
Published on Jun 06, 2024

ရန်ကုန်မြို့၊ မြို့နယ်နှစ်ခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှစ်ခု ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နဲ့ ၄ရက်တွေက ဗုံးခွဲတိုက်ခိုက်ခံရပြီး၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြို့ပြပျောက်ကြားအဖွဲ့တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။

 

ဇွန်လ ၃ရက်နေ့ ညပိုင်းက မဂ်လာဒုံမြို့နယ်၊ အနန့်ပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး သုံးဦးဒဏ်ရာရတယ်လို့ NOAK-UGအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

 

“အဝေးထိန်းမိုင်းနဲ့ ခွဲလိုက်တာ။ အထဲမှာ အစည်းအဝေးလုပ်နေတဲ့အထဲ သုံးယောက်ထိသွားတော့ တွေ့လိုက်ရတယ်။ “လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ဇွန်လ ၄ရက်ညပိုင်းကလည်း ရွှေပြည်သာမြို့နယ် ၂ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီး၊ ဒဏ်ရာရသူရှိ/မရှိဆိုတာတော့ မသိရကြောင်း ၂ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

 

“ဗုံးပေါက်တာတော့ ဟုတ်ပါတယ်။ည ၁၀နာရီလောက်ကကြားလိုက်ရတာ။ ဘယ်သူတွေထိသလဲတော့ သေချာမသိရဘူး။”လို့ ပြောပါတယ်။

 

အဲဒီညမှာပဲ မဂ်လာဒုံက စစ်တပ်ပိုင် MEC နို့ချက်စက်ရုံဂိတ်ဝလည်း တိုက်ခိုက်ခံရပြီး၊ တိုက်ခိုက်မှုနှစ်ခုစလုံးကို ရန်ကုန်တိုင်းတပ်မဟာာ၏ Slayers of Tyrants တပ်ခွဲမှ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ရန်ကုန်မှာ အခုရက်ပိုင်းတွေမှာ အုပ်ချုပ်ရေးမှူးရုံးတွေ၊ ရာအိမ်မှူးတွေ တိုက်ခိုက်ခံရတာတွေ ဆက်တိုက်ဖြစ်လာနေတာပါ။

 

ပြီးခဲ့တဲ့  မေလ ၃၀ကလည်း အင်းစိန်အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ ရာအိမ်မှူးတစ်ဦး ဒဏ်ရာရခဲ့သလို၊ ဇွန်လ ၁ရက်ကလည်း လှိုင်သာယာမြို့နယ် ၃ရပ်ကွက်က ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများအား စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းနေပုံ (ပုံအဟောင်း)