ကရင်နီမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း စက်သေနတ်စာမိပြီး ပျက်ကျ

Author လင်းနွေဦး
Categories
Published on May 06, 2024

ကရင်နီ(ကယား)ပြည်၊ ဖားဆောင်းမြို့နယ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစ်စင်းကို ကရင်နီတပ်မတော် (KA) လက်အောက်ခံ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ မေလ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့ မြေပြင်ရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီဘက်က ဒဏ်ရာရ လူနာတွေကို လာရောက်သယ်ဆောင်တာလို့ ယူဆရတဲ့ ရဟတ်ယာဉ်ကို နေ့လယ် ၁၁ နာရီ ဝန်းကျင်မှာ ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ မြေပြင် ရှေ့တန်းရဲဘော်တစ်ဦးက ဆိုပါတယ်။

 

“ပစ်ချလိုက်နိုင်တာတော့ နေ့လယ်ဘက် ၁၁ နာရီလို့ ပြောရမယ်။ ပွိုင့် ၅ နဲ့ပဲ အနိမ့်ပျံတုန်း ဆော်လိုက်တာပါ။ ထိထိချင်းတော့ ပျံတက်သွားသေးတယ်။ ပြီးမှ ပျက်ကျတာ။ ဒါပေမဲ့ ဘယ်နေရာကို ပျက်ကျလဲဆိုတာတော့ တိုက်ပွဲပြင်းနေတုန်းမို့ မကြည့်နိုင်သေးဘူး။” လို့ အသက် ၃၀ အရွယ် ကရင်နီ ရှေ့တန်းရဲဘော်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကရင်နီတပ်မတော် (KA)ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကလည်း အဲဒီရဟတ်ယာဉ် ပစ်ချခံရတဲ့ သတင်းနဲ့ပတ်သက်ပြီး Myanmar Now သတင်းဌာနကို အတည်ပြုပြောကြားထားပါတယ်။

 

ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ပျက်ကျသွားတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ဟာ Mi-17 အမျိုးအစား ထောက်ပို့ရေးဆိုင်ရာသုံး ရဟတ်ယာဉ်ဖြစ်တယ်လို့ သိရှိရပေမယ့် CJ Platform ကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

 

ရဟတ်ယာဉ်ဟာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ လှုပ်ရှားသွားလာမှု မရှိတဲ့ မြေပြင်တစ်နေရာမှာ ပျက်ကျသွားတာဖြစ်နိုင်ပြီးတော့ တည်နေရာကို အတည်ပြုနိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

 

စစ်ကောင်စီရဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာနဲ့ တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ်တွေ ၊ ဂျက်ဖိုက်တာယာဉ်တွေဟာ တိုင်းရင်းသား တော်လှန်ရေးနယ်မြေတွေအတွင်း တော်လှန်ရေးတပ်ပေါင်းစုတွေရဲ့ ပစ်ချမှုကို ခံနေရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ဒေသမှာ တရုတ်နိုင်ငံကနေ ဝယ်ယူထားတဲ့ FTC-2000 ဂျက်ဖိုက်တာ တစ်စင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က ပစ်ချနိုင်ခဲ့တာကို မှတ်တမ်း ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။

 

ဇန်နဝါရီလ ၂၉ ရက်နေ့မှာပဲ ကရင်ပြည်၊ကော့ကရိတ် မြို့နယ်၊ မြဝတီမြို့အနီး မှာ သင်္ဃန်းညီနောင် အခြေစိုက် ခမရ (၃၅၆)တပ်ရင်းကို တပ်ချိန်းဖို့ လာရောက်တဲ့ Eurocopter 365 ရဟတ်ယာဉ်ကို KNLA လက်အောက်ခံ Cobra စစ်ကြောင်းက ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ချခဲ့မှုအတွင်း ရဟတ်ယာဉ်ပေါ် လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် ဗိုလ်မှူး သုံးဦးနဲ့ ဗိုလ်ကြီး တစ်ဦးတို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

 

ဓာတ်ပုံ-Reddit

 

ပုံစာညွှန်း- စစ်ကောင်စီလက်အောက်ခံ တပ်သားများနှင့် သယ်ယူထောက်ပို့ရေးဆိုင်ရာသုံး Mi-17 ရဟတ်ယာဉ်ကို မြင်ရစဉ်(ပုံဟောင်း)