ရေဦးမြို့ပေါ်တွင် တစ်ပတ်အတွင်း အမျိုးသား ၈၀ ခန့် စစ်ကောင်စီတပ်ဖမ်းထား

Author မင်းထက်
Categories
Published on May 06, 2024

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် ဒေသခံအမျိုးသားများကို လိုက်လံဖမ်းဆီးနေသည်မှာ တစ်ပတ်အတွင်း ၈၀ ဦးခန့်အထိရှိပြီဖြစ်ကြောင်း ဒေသခံများနှင့် People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က CJ Platform သို့ပြောသည်။

 

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၂ အတွက် ပြင်ဆင်နေချိန် ယခုလ ဧပြီလ ၂၉ ရက်နေ့မှစတင်ကာ ယနေ့ မေလ ၆ ရက်နေ့အထိ ခုနစ်ရက်အတွင်း စစ်ကောင်စီတပ်က ရေဦးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ညအချိန် ဝင်ရောက်စီးနင်းပြီး အမျိုးသားများကို နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးနေသည်မှာ ၈၀ ဦးခန့်အထိ ရှိလာခဲ့ပြီဖြစ်သည်။

 

ပြီးခဲ့သည့် မေလ ၄ ရက်နေ့ တစ်ရက်တည်း ရေဦးမြို့ပေါ်ရပ်ကွက်များဖြစ်သော ဗိုလ်အောင်ဇေယျ၊ အောင်ဆန်း၊ အောင်မင်္ဂလာနှင့် ရေဦးကုန်းရွာတို့မှ အမျိုးသား ၃၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

ဖမ်းဆီးခံရသော ပြည်သူများ ထားရှိသည့် ရေဦးမြို့ပေါ် အထက ၁ ကျောင်းကို မိသားစုဝင်များက ထမင်းဟင်း ပို့ခွင့်ရသော်လည်း စကားပြောခွင့်မပေးကြောင်း သိရသည်။

 

“မိသားစုဝင်တွေအနေနဲ့ကလည်း ထမင်းဟင်းပို့တာလောက်တော့တွေ့ခွင့်ပေးတယ်။ စကားရပ်မပြောရဘူး။ အခုလိုလုပ်ဆောင်မှုတွေကို အကြမ်းဖက်စစ်ရှုံးကောင်စီနဲ့ ပြည်ထဲရေးတို့ကနေ အဓိကကိုင်တွယ်ဖမ်းဆီးနေတယ်လို့ စုံစမ်းသိရှိရပြီး ကျားမှန်သမျှအကုန်ဆွဲတဲ့ပုံစံပါပဲ” ဟု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

 

စစ်သားသစ် ၁၀၀ ဦးခန့်အထိ ဖမ်းဆီးမည်ဟု သတင်းရရှိထားသကဲ့သို့ ယခုနေရာမှတစ်ဆင့် မုံရွာနမခစစ်မှုသင်တန်းကျောင်းသို့ ပို့ဆောင်မည်ဟု ၎င်းက ပြောသည်။

 

“ရပ်ကွက်အုပ်ချုပ်ရေးမှူးသားသမီးတွေနဲ့ ခရိုနီသားသမီးတွေလည်း စစ်မှုထမ်းဖို့ ပါထားတယ်လို့သိရတယ်” ဟု ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

 

ဖမ်းဆီးခံရသူများအတွင်း အသက်ငယ်ရွယ်သူများ၊ အိမ်ထောင်သည် အမျိုးသားများ၊ အသက် ၄၀ ကျော် အရွယ်များပါဝင်နေသည့်အတွက် အဖမ်းမခံရသေးသူ လူငယ်လူရွယ်များနှင့် အသက် ၄၀ ကျော်အမျိုးသားပါမကျန် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရသကဲ့သို့ ရေဦးမြို့အနီး ကျေးရွာများက အမျိုးသားများမှာလည်း စိုးရိမ်းထိတ်လန့်နေကြသည်ဟု သိရသည်။

 

“ရေဦးမြို့က မနက်လင်းကတည်းက ညမိုးချုပ်အထိ မြို့ပျက်ကြီးလိုဖြစ်နေပြီး လမ်းပေါ်မှာ စစ်ခွေးတွေခြေရှုပ်နေတာကလွဲလို့ ကျန်ရှိပြည်သူတွေလည်း အပြင်သိပ်မထွက်ရဲကြတော့ဘူး။ စစ်ခွေးတွေနဲ့ ပြည်ထဲရေးကတော့ နောက်ဆုံး ဆွဲစရာယောကျာ်းသားမရှိတော့ဘူးဆိုရင်တောင်မှ ငယ်ရွယ်သူမိန်းကလေးတွေကိုပါ ဆွဲဖို့အထိဖြစ်လာနိုင်ချေရှိတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက  ပြောဆိုသည်။

 

ထို့ပြင် ရေဦးမြို့နယ်အတွင်းရှိ ဒေသခံအချို့၏ ပြောဆိုချက်အရ ဖမ်းဆီးခံရသူများကို စစ်ကောင်စီစစ်တပ်က အမည်မသိထိုးဆေးများ ထိုပေးကြောင်း သိရသည်။

 

“တချို့တိမ်းရှောင်ရင် အိမ်ကို ချိတ်ပိတ်တယ်။ ကျွန်မအသိဆို လူငယ်မတွေ့လို့ လူကြီးကို ဖမ်းခေါ်သွားတာမှာ အဖမ်းခံရတာက အမျိုးသမီးဆိုတော့ ငွေနဲ့ရွေးရတယ်တဲ့။ သူအဖမ်းခံရတဲ့အချိန် အဲဒီမှာ ယောကျာ်းလေးတွေကို ဆေးတွေထိုးတယ်လို့ သိရတယ်။ ဆေးကြောင့် မိသားစုတွေလာရင်တောင် မမှတ်မိဘူးတဲ့။ ခုတော့ အဲဒီအမျိုးသမီးလည်း မိသားစုလိုက် ရှောင်သွားတယ်လို့သိရတယ်” ဟု ရေဦးမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

 

ယင်းအကြောင်းအရာနဲ့ပတ်သက်၍ CJ Platform အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။

 

“အဲဒီလိုတော့ မကြားရသေးပါဘူး။ ဖမ်းဆီးပြီး ကားပေါ်ရောက်တဲ့အချိန်မှာ အအေးဗူးအဝါလေးတွေတိုက်တယ်လို့တော့ သိရတယ်။ အဲဒါကို ဆေးတိုက်တယ်ဆိုပြီး ပြောနေကြတာဖြစ်မယ်။ ဖမ်းခံရတဲ့ပြည်သူတွေကို ထိုးဆေးသွင်းတာတွေဘာညာတော့ ကျွန်တော်တို့ဘက်က အတည်မပြုနိုင်ပါဘူး” ဟု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောသည်။

 

ရေဦးမြို့ပေါ်ရှိ ကျန်ရှိနေကြသော အမျိုးသားများ ဘေးလွတ်ရာအမြန်ဆုံးတိမ်းရှောင်ကြရန်နှင့် ကျေးရွာများနေသူများအနေဖြင့်လည်း ရေဦးမြို့ပေါ်သို့မ သွားရန် ဒေသတွင်းကာကွယ်ရေးတပ်များက သတိပေးပြောဆိုသည်။

 

စစ်မှုထမ်းဥပဒေအရ အပတ်စဉ် (၂) စစ်သင်တန်းအတွက် ဧပြီလဆန်းပိုင်းကတည်းကပင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်တို့တွင် လူငယ်များကို စာရင်းစကောက်ယူနေသည့်အပြင် ညအချိန်များတွင် ဖမ်းဆီးခြင်းနှင့် စစ်မှုထမ်းရန် ရှောင်လွှဲသူများကို ငွေကြေးတောင်းခံခြင်းများပါလုပ်ဆောင်နေကြောင်း သိရသည်။

 

ဓာတ်ပုံ – စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များ

 

ပုံစာ – စစ်ကောင်စီ၏ မတရားဖမ်းဆီးပြီး စစ်မှုထမ်းရန် စုဆောင်းခံရသူများ