လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်၍ လှိုင်သာယာရှိ တနိုင်တပိုင်အသေးစားလုပ်ငန်းအချို့ ယာယီပိတ်သိမ်းနေရ

Author ကိုထက်
Categories
Published on May 06, 2024

တစ်နိုင်ငံလုံး လျှပ်စစ်မီးနာရီပိုင်းသာရရှိသည့်အတွက် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ တနိုင်တပိုင် အသေးစားလုပ်ငန်းအချို့ ပိတ်သိမ်းရသည်အထိရှိလာနေကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

 

လျှပ်စစ်မီးအသုံးပြုလုပ်ကိုင်ရသည့် မိတ္တူနှင့် စာစီစာရိုက်လုပ်ငန်း၊ ရေခဲချောင်း၊ ရေခဲမုန့်လုပ်ငန်း စသည်တို့မှာ တစ်နေ့လုံး တစ်နာရီ၊ နှစ်နာရီခန့်သာ ရရှိသည့်မီးကြောင့် ဆက်လက်လုပ်ကိုင်ရန် အဆင်မပြေဖြစ်လာသည်ဟု လှိုင်သာယာမြို့နယ်က စာစီစာရိုက်၊ မိတ္တူလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

 

“မီးက တစ်နေ့လုံးပြတ်နေတာ။ လာရင်လည်း တစ်နာရီ၊ နှစ်နာရီ အဲဒီလာတဲ့အချိန်ကိုလည်း ပြတ်လိုက်၊ လာလိုက်နဲ့၊ မီးစက်နှိုးပြီးလုပ်ပြန်တော့လည်း ဆီဖိုးနဲ့ အခန်းငှားခ၊ ပြီးတော့ အလုပ်သမားစရိတ်၊ ဒီကာလမှာလုပ်ဖို့က ဘယ်လိုမှမကိုက်တော့ဘူး။ ရှုံးတောင်ရှုံးတယ်။ မီးလာချိန်၊ ပြတ်ချိန်မှန်မှပဲ ပြန်ဖွင့်ပြန်လုပ်မယ်စိတ်ကူးတယ်။ အခုကာလတော့ ပိတ်ထားရတယ်” ဟု ၎င်းက ‌ပြောသည်။

 

အလားတူ အချိန်ပြည့် အအေးဓာတ်ပေးထားရသည့် ရေခဲချောင်းများ၊ ရေခဲမုန့်များမှာ လျှပ်စစ်မီးပြတ်တောက်ချိန်ကြာမြင့်သည့်အတွက် ပျက်စီးဆုံးရှုံးမှု‌များဖြစ်ပေါ်နေရသည်။

 

“အခုလိုနေပူတဲ့အချိန်မှာ ရောင်းရမှာပဲဆိုပြီး တင်ထားတဲ့ ရေခဲချောင်း၊ ရေခဲမုန့်တွေလည်း အကုန်ပျော်ပြီး၊ ဘယ်လိုမှ ဆက်တင်ရောင်းလို့ အဆင်မပြေဘူး။ မီးက ဘယ်လောက်ပြတ်တာဆိုးလဲဆိုရင်။ အအေးဘူးတွေတောင် သိပ်မအေးဘူး။ ရေခဲသေတ္တာအရှိန်ရမောင်းမယ်ကျန် ပြတ်ပြန်ရော။ အဲဒီရေခဲချောင်း၊ ရေခဲမုန့်လုပ်တဲ့သူတွေလည်း ရှုံးမှာပဲလေ။ ဒီမီးနဲ့က” ဟု ရန်ကုန်မြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

 

ထို့ပြင် စက်ရုံများကိုပင် လျှပ်စစ်မီးတစ်နေ့လုံးမှ လေးနာရီသာပေးနိုင်နေသည့် အနေအထားပင်ဖြစ်လာနေသည်။

 

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံး အဖက်ဖက်မှ ယိုယွင်းလာခဲ့ရာ နိုင်ငံတည်ဆောက်ရာတွင် အဓိကအခြေခံအဆောက်အဦတစ်ခုဖြစ်သော လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုအပိုင်းတွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ နှစ်စဉ် နွေရာသီရောက်ပါက တစ်နိုင်ငံလုံး လျှပ်စစ်မီးဆိုးဆိုးရွားရွားပြတ်တောက်နေသည့်အတွက် အပူဒဏ်ကို မကာကွယ်နိုင်ဘဲ လူသေဆုံးမှု တိုးမြင့်လာနေသည်။

 

ယခုနွေရာသီတွင် ရေအားလျှပ်စစ်‌ထုတ်လုပ်သည့်နေရာများတွင် အပူချိန်ကြောင့် ရေလျော့နည်းခြင်း၊ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်း၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံများတွင်လည်း သဘာဝဓာတ်ငွေ့ရရှိမှုနည်းပါးခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လွှတ်မှုမဂ္ဂါဝပ်များ လျော့နည်းနေကြောင်း စစ်‌ကောင်စီ၏ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေရှင်း(YESC)က ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – ကိုထက်(ပုံဟောင်း)