ကုန်သားကျေးရွာထဲကို သေမင်းတမန်အဖွဲ့က အလောင်းသုံးလောင်း လာချသွား၊ အုပ်ချုပ်ရေးမှူး အသတ်ခံရတာနဲ့ ပတ်သက်ပြီး PDF တွေကို လက်စားချေတာလို့ ဝါဒဖြန့်

Published on May 06, 2024

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကုန်းသာကျေးရွာမှာ မေလ ၆ရက်နေ့က အမည်မသိ အမျိုးသား အလောင်း ၃ လောင်းကို ရွာထဲမှာ‌တွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

အဲဒီအလောင်း ၃ လောင်းမှာ တစ်လောင်းမှာ သေနတ်ဒဏ်ရာတွေ့ရပြီး၊ နှစ်လောင်းက လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။ အလောင်းတွေရဲ့ လည်ပင်းမှာတော့ ‘အနက်ရောင်သေမင်းတမန်’ အဖွဲ့ဆိုတဲ့ စာတန်း ချိတ်ဆွဲကာ အမည်မသိလူတွေက အိမ်စီးကား နဲ့ ည ၁၂ နာရီကျော်မှာ ရွာရဲ့ နေရာအနှံ့ကို လာချသွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦး က CJ Platform ကို ပြောပါတယ်။

 

“ တစ်လောင်းက သေနတ်ရာနဲ့ နှစ်လောင်းက လည်ပင်းကိုလှီးထားတာ ဗိုက်စပ်တွေမှာ ထိုးထားလောက်တယ် သွေးတွေထွက်နေတယ် မြင်တဲ့လူတွေကမြင်တယ် ကားနဲ့လာချတာကို ရွာထဲက လူတွေလည်း အိမ်ထဲက အိမ်ပြင်မထွက်ရဲကြဘူး အလောင်းတွေ လည်ပင်းမှာ အနက်ရောင်သေမင်းတမန် လို့ချိတ်ထားတယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီ အလောင်းသုံးလောင်းကို ရွာထိပ်၊ ရွာအနောက်စပ်နဲ့ ရွာလယ် မှာ တစ်လောင်းစီချထားပြီး ရွာအနီးအနားနယ်ပယ်က မဟုတ်ဘဲ အသက် ၂၇နှစ်အရွယ်ဝန်းကျင် လူငယ်တွေဖြစ်ပြီးတော့ ဆံပင်တွေဟာ စစ်သားတွေ ညှပ်လေ့ရှိတဲ့ ဆံပင်ပုံစံဖြစ်တယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

 

“ ကျွန်တော်တို့နယ်က မဟုတ်ဘူး မျက်မှန်းမတန်းမိဘူး” လို့ ဆိုပါတယ်။

 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချယ်နယ်တွေမှာတော့ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တာအတွက်  NLD ပါတီဝင် နဲ့ PDF တွေကို တန်ပြန် သတ်ဖြတ်နေတာဖြစ်တယ်လို့ ဆိုထားပြီး “ခုသုံးလောင်း နောက်ဆို ဆယ်လောင်းဖြစ်မယ်” ဆိုတဲ့ စာသားကိုပါ ထည့်သွင်းရေးသား ဖော်ပြထားပါတယ်။

 

ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်သူ ရဲဘော်ကိုကျော်ကတော့ ရွာအနီးတပတ်လည်ကို ကင်းထောက်မေးမြန်းရာမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးနေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

 

စစ်ကောင်စီတပ်ဟာ ရွာထဲမှာ မွှေနှောက်လှည့်ပတ်နေပြီး ရွာလမ်း အဝင်အထွက်တွေမှာ ကင်းပုန်းတွေ အစောင့်တွေချထားပြီးတော့ အလောင်းတွေရှိတဲ့နေရာကို တားမြစ်နေရာအဖြစ် သတ်မှတ်ပြီး ကျေးရွာဒေသခံတွေကို အကြည့်မခံဘူးလို့ ဒေသခံ အမျိုးသားက ပြောပါတယ်။

 

သေဆုံးအလောင်းတွေကို ဒီကနေ့ ညနေမှာ ပေါင်းတည် ပရဟိတ နဲ့ မှတ်တိုင်ပရဟိက လာရောက် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

အခုသေဆုံးအလောင်းတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုတော့ CJ Platformအနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

 

ဒါ့အပြင်  ဧပြီလ ၂၂ ရက်နေ့ကလည်း ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်၊ရေ ငံအုပ်စု၊ အုတ်ဖိုစုရွာအနီး လမ်းမမှာ အသက်၂၀ခန့်၊ အမျိုးသားအလောင်းတစ်ခု တွေ့ရှိခဲ့ရပြီး လည်ပင်းမှာ အနက်ရောင်သေမင်းတမန် စာသားကိုချိတ်ဆွဲထားတယ်လို့ အုတ်ဖိုဒေသခံတွေဆီက သိရပါတယ်။

 

အနက်ရောင်သေမင်းတမန်အဖွဲ့ဆိုတာဟာ ဘယ်သူဦးဆောင်ဖွဲ့စည်းပြီးတော့ ဘယ်သူတွေ ပါဝင်တဲ့ အဖွဲ့အစည်းဆိုတာကို လက်ရှိအချိန်ထိ CJ Platform အနေနဲ့ စုံစမ်းဆဲဖြစ်ပါတယ်။

 

ပုံစာညွှန်း – ဧပြီလ ၂၂ ရက်နေ့က တွေ့ရတဲ့ အုတ်ဖိုက အမည်မသိအမျိုးသားအလောင်း