အဝေးပြေး ကားလက်မှတ်တွေဈေးတက်လို့ စက်ရုံဝန်ထမ်းတွေ နေရပ်မပြန်နိုင်

Author CJ Platform
Categories
Published on Apr 06, 2026

စက်သုံးဆီရှားပါးမှုကြောင့် ပြည်တွင်း အဝေးပြေးကားလက်မှတ်များ ဈေးနှုန်းမြင့်တက်လာပြီး သင်္ကြန်အလုပ်ပိတ်ရက် နေရပ်ပြန်မယ့် အထည်ချုပ်စက်ရုံဝန်ထမ်းတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

 

စက်သုံးဆီရှားပါးမှုမဖြစ်ခင်က ရန်ကုန်ကနေ ပခုက္ကူကို ကားခ ၂၈,၀၀၀ ရှိရာမှ အခု ၅၀,၀၀၀ ကနေ ၇၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ နေရပ်ကိုမပြန်နိုင်သူ အထည်ချုပ်စက်ရုံဝန်ထမ်းတစ်ဦးက CJ Platform ကို ​ပြောပါတယ်။

 

“နှစ်တိုင်းအိမ်ပြန်နေကြ၊ ဒီနှစ်ကားခက နှစ်ဆ သုံးဆလောက်တက်သွားတော့ မောင်နှမတွေ အိမ်မပြန်ဖြစ်ဘူး။ ပိုက်ဆံပဲ အိမ်ကို လွှဲပေးလိုက်တယ်။ ကိုယ်တွေလိုပဲ သင်္ကြန်ပိတ်ရက်မပြန်ရတဲ့သူတွေ များတယ်” လို့ ပြောပါတယ်။

 

ကားလက်မှတ်များ ဈေးကြီးပေမယ့် အလုပ်ပိတ်ရက် မိဘများနဲ့အတူနေထိုင်ချင်တဲ့စိတ်​ဖြင့် အိမ်ပြန်ချင်ပေမယ့် အပြန်ကားမရမှာစိုး၍ မပြန်ရသူတွေလည်းရှိတယ်လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တောင်တွင်းကြီးကားလက်မှတ်ဆို အရင်က နှစ်သောင်းခွဲ၊ အခု ခုနစ်သောင်း။ ဘယ်လောက်ပဲပေးရရ ပိတ်ရက်မှာ အဖေတို့ အမေတို့နဲ့ ပြန်နေမယ်လို့ ပထမစဉ်းစားတယ်။ နောက်ကျတော့ အပြန်ကားလက်မှတ်မရရင် အလုပ်ပြုတ်မှာစိုးလို့ ဒီနှစ် အိမ်မပြန်ဖြစ်ဘူး” လို့ ပြောပါတယ်။

 

ကားလက်မှတ်များသာမက တန်ဆာခများမှာလည်း အရင်ကထက် နှစ်ဆနီးပါးတက်သွား၍ ကုန်စည်ပို့ဆောင်ရေးလုပ်သူတွေလည်း ကုန်ပို့ရာမှာ အဆင်မပြေကြောင်း ကုန်ပို့သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အရင်က အထုပ်သေးတစ်ထုပ်ကို သုံးထောင်၊ အခု ခုနစ်ထောင် ရှစ်ထောင်၊ အထုပ်ကြီးဆို အခု တစ်သောင်း၊ တစ်သောင်းခွဲကနေ နှစ်သောင်းအထိပေးရတယ်။ ကုန်စည်ပို့ရတာလည်း အဆင်မပြေဘူး” လို့ ပြောပါတယ်။

 

ကားလက်မှတ်ဈေးတက်လာတာကြောင့် ခရီးသည်တွေဘက် အဆင်မပြေသလို ယာဉ်လိုင်းတွေဘက်ကလည်း စက်သုံးဆီပုံမှန်မရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်လိုင်းတာဝန်ခံတစ်ဦးက CJ Platform ကို ရှင်းပြပါတယ်။

 

“ခရီးသည်တွေဘက်က ပြောတာလည်းမမှားဘူး။ ကျနော်တို့ဘက်မှာလည်း ဆီမရလို့ ပြင်ပကနေဝယ်ရတာရှိတယ်။ ဆီတစ်ခါတန်းစီရင် တစ်နေကုန်တာတွေရှိတယ်။ သင်္ကြန်အလုပ်ပိတ်ရက် ကားထွက်မယ် မထွက်ဘူးဆိုတာ အာမခံမခံနိုင်လို့ လက်မှတ်တွေမှာ မထွက်ရင်ငွေပြန်အမ်းမယ်လို့ ရေးထားရတယ်” လို့ ပြောပါတယ်။

 

ကမ္ဘာ့အရှေ့အလယ်ပိုင်းစစ်ပွဲ ရိုက်ခတ်မှုများကြောင့် စက်သုံးဆီ ရှားပါးခက်ခဲမှုဖြစ်ပေါ်လာပြီး ပြည်တွင်းမှာ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းအားလုံးနီးပါး ကားလက်မှတ်ဈေးနှုန်းများ နှစ်ဆအထိ မြင့်တက်လာတာဖြစ်ပါတယ်။

 

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများ မပြုလုပ်ဖို့ အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ဧပြီလ ၂ ရက်က ထုတ်ပြန်ထားပါတယ်။