စက်သုံးဆီတန်းစီရင်း အပူရှပ် သေဆုံးသူ ၄ ဦးထိ ရှိလာ

Author CJ Platform
Categories
Published on Apr 06, 2026

မြန်မာနိုင်ငံမှာ စက်သုံးဆီ တန်းစီရင်း အပူဒဏ်ကြောင့် အပူရှပ်ပြီး သေဆုံးသူ ၄ ဦးထိ ရှိလာပြီ ဖြစ်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

 

ဒီနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာ လိုင်စင်ရုံးနားက Max ဆီဆိုင်မှာ ဆီဖြည့်ဖို့အတွက် မနေ့ညကတည်းက တန်းစီစောင့်ဆိုင်းနေတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး ကားပေါ်မှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

မတ် ၂၆ ရက် မနက်ပိုင်းကလည်း အငှားယာဉ်မောင်းလုပ်နေတဲ့ အသက် ၆၉ နှစ်အရွယ် ဝါရင့်တေးသံရှင် ဦးပက်ထရစ်တင်ထွန်းဟာ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ သူ့ရဲ့ကားထဲ အပူရှပ် ကွယ်လွန်သွားခဲ့တယ်လို့ မေတ္တာအလင်း လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

 

ဦးပက်ထရစ်တင်ထွန်းဟာ စက်သုံးဆီတန်းစီရင်း သေဆုံးတာလို့ ပြောဆိုမှုတွေရှိသလို အငှားယာဉ်မောင်းရင်း ကျန်းမာရေးကြောင့် အနားယူရန်ဖို့ စက်သုံးဆီတန်းစီနေတဲ့ သူတွေကြားထဲ ကားထိုးရပ်ပြီး သေဆုံးတာဖြစ်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် နေ့လယ်ပိုင်းကလည်း မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ ဆီတန်းစီဝယ်ယူပြီး အိမ်ပြန်လာတဲ့ အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို မတ် ၂၃ ရက်ကလည်း မွန်ပြည်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာမှာ တက္ကစီယာဉ်မောင်းတစ်ဦး စက်သုံးဆီရရှိဖို့ နေအပူရှိန် မြင့်တက်နေချိန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရတဲ့ ဒဏ်ကြောင့် အပူရှပ် သေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

လက်ရှိမှာ မြန်မာနိုင်ငံက မြို့ကြီး ၈မြို့ထက်မနည်းဟာ ကမ္ဘာ့အပူဆုံးမြို့စာရင်းရဲ့ လေးရက်ဆက်တိုက် အပူဆုံးမြို့စာရင်းမှာ ရပ်တည်နေပြီး အပူရှိန်ကြောင့် သတိလစ်မေ့မျောတာတွေလည်း ခပ်စိပ်စိပ် ရှိလာနေတာဖြစ်ပါတယ်။

 

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်နေတဲ့အပေါ် စစ်အုပ်စုက ဆီချွေတာရေး စီမံချက်တွေ ချမှတ်ထားသလို၊ ပြည်သူတွေဟာလည်း ဆီတစ်လီတာရရှိဖို့အတွက် ပူပြင်းလှတဲ့ ရာသီဥတုအောက်မှာ နာရီပေါင်းများစွာ တိုးကြိတ်တန်းစီနေကြရတာကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

 

ပုံစာ – ရန်ကုန်မြို့တွင်း စက်သုံးဆီဝယ်ယူရေး တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယာဉ်များကို မြင်ရပုံ