သင်္ဃန်းညီနောင် ဗျူဟာကုန်း နှင့် ခမရ ၃၅၇ တို့မှ စစ်လက်နက်ပစ္စည်း အမြောက်အမြားသိမ်းပိုက်ရရှိ၊ ကားများဖြင့် အခေါက်ရေများစွာ တိုက်ယူနေရဟုဆို

Author လင်းနွေဦး
Categories
Published on Apr 06, 2024

ကရင်ပြည်၊ မြဝတီ မြို့နယ်၊ သင်္ဃန်းညီနောင် ဒေသရှိ ညီနောင်စစ်ဗျူဟာကုန်း နှင့် ခမရ ၃၅၇ တပ်စခန်းတို့အား ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်လက်နက်ပစ္စည်း အမြောက်အမြားနှင့် သုံ့ပန်းများ ဖမ်းဆီးရမိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

သိမ်းပိုက်ရရှိထားသည့် စစ်လက်နက်များမှာ များပြားလွန်းသဖြင့် မြေပြင်တပ်ဖွဲ့များမှ ကားများဖြင့် အခေါက်ရေများစွာ သယ်ဆောင် နေရကြောင်း မြေပြင် တော်လှန်ရေးရဲဘော် တစ်ဦးမှ CJ Platform သို့ပြောသည်။

 

“သိမ်းတာကတော့ ဗျူဟာကုန်း အရင်ရတယ်ပြောရမယ်ပေါ့နော်။ လက်နက်တွေလည်း အများကြီးပဲ၊ သုံံ့ပန်းတွေလည်း မိတာရှိတယ်။ စာရင်းအတိအကျကတော့ လူကြီးတွေထုတ်ပြန်မှပဲ သိရပါမယ်”ဟု တိုက်ပွဲများအတွင်း ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော် တစ်ဦးမှ ဆိုသည်။

 

မြေပြင်မှ ပေးပို့လာသည့် ရုပ်သံ ဖိုင်အတွင်း အဝေးပစ်လက်နက်ကြီးများ အပါအဝင် စက်လက်များ ၊ MA-1,2,3,4 အမျိုးအစား လက်နက်ငယ်များ နှင့် ခဲယမ်းကျည် အမြောက်အမြားကို သိမ်းဆည်းကာ ကားများပေါ် တင်ဆောင်နေသည့် ရဲဘော်များကို မြင်တွေ့ရသည်။

 

စစ်ကောင်စီ မှ ညီနောင်ဗျူဟာကုန်း နှင့် ခမရ-၃၅၇ တို့ကို လက်လွှတ်ဆုံးရှုံးရ အပြီးတွင် အနီးရှိ ခြေလျင် တပ်စခန်းတစ်ခုဖြစ်သည့် ခလရ -၂၇၅ စခန်း ထပ်မံမလက်လွှတ်ရ ရေးအတွက် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ တရစပ်ပစ်ကာ ခုခံလျက်ရှိသည့်အပြင် သတင်းများ ဖုံးစေရန်အတွက် အနီးရှိ မြဝတီ မြို့စွန် ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ မြို့တွင်းဖုန်းလိုင်းများ ဖြတ်တောက်ခြင်းများ ပြုလုပ်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

 

ရုပ်သံ – ပေးပို့