ရန်ကုန်မြို့အတွင်းရှိ စာသင်ကျောင်းအချို့တွင် စစ်ကောင်စီတပ်များ တပ်စွဲရန် သစ်ပင်များ ရှင်းလင်းနေ

Published on Apr 06, 2024

ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီမှ တပ်စွဲရန် ပြင်ဆင်နေပြီး ကျောင်းဝင်းအတွင်းရှိ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းမှုများ လုပ်ဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

 

အင်းစိန်မြို့နယ် ပတ္တမြားရပ်ကွက် အောင်ဇေယျာအိမ်ယာအနီးရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းအတွင်း ယနေ့ ဧပြီ ၆ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်သားများ အပါအဝင် စည်ပင်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ သစ်ပင်များကို ခုတ်ထွင် ရှင်းနေကြောင်း သိရသည်။

 

” စစ်ကား နှစ်စီးနဲ့ လာတယ် ကျောင်းမှာဝင်တပ်စွဲပြီး အပင်တွေအကုန်ခုတ်တယ် ကျောင်းရှေ့မှာရော လမ်းပေါ်မှာပါ လုံခြုံရေးချထားတယ်” ဟု အဆိုပါ စာသင်ကျောင်းအနီးနေထိုင်သူ အနှေးယာဉ်လုပ်သားတစ်ဦးက ပြောသည်။

 

စာမေးပွဲများအပြီး ကျောင်းများပိတ်ထားချိန်တွင် စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်နေပြီး ကျောင်းပြင်ပ မြင်ကွင်းရှင်းလင်းစေရန် သစ်ပင်များကို ခုတ်လှဲနေခြင်း ဖြစ်ကြောင်း အောင်ဇေယျအိမ်ရာဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

 

ရန်ကုန်မြို့အတွင်းရှိ စာသင်ကျောင်းအများစုတွင် စစ်ကောင်စီတပ်မှ ကင်းပုန်းများ ချထားကာ တပ်စွဲနေထိုင်လျက်ရှိနေပြီး စာသင်ကျောင်းအချို့တွင် ကျောင်းတွင်း၌ ဘန်ကာများပါ တည်ဆောက်ထားကြောင်း သိရသည်။

 

ဓာတ်ပုံ – Google