ပေါက်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရ

Author ကေဇက် ၊ မင်းထက်
Categories
Published on Apr 06, 2024

မကွေးတိုင်း ၊ပေါက်မြို့နယ် ချောင်းကူးကျေးရွာအတွင်း ဧပြီ ၃ရက်နေ့ စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား လေးဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

“အသလွတ်ကြီးပစ်တာ ရွာထဲကြီးပဲကျတယ်။ ဆူးပုတ်ခုံဘက်ကနေ ပစ်တာဖြစ်မယ် အတိကျတော့မသိရဘူး၊ ၁၂ နှစ်အရွယ်ကလေးမလေး နားရွက်ပြတ်ရှဒဏ်ရာ ၊ လင်မယားနှစ်ယောက်ရယ် ၊ အမျိုးသားတစ်ယောက် ငယ်ထိပ်ပေါက်သွားတယ် နောက်ကျောဏ်ရာ ၊ အမျိုးသမီးတစ်ယောက်ကတော့ ညာဖက်ခြေထောက်ပြတ် အရေပဲကျန်တော့တာ ဆေးခန်းသွားပြရင်း လမ်းမှာသေဆုံးခဲ့ရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီးသည် အသက် (၄၈)နှစ်အရွယ်ရှိပြီး လက်နက်ကြီးထိမှန်ပြီးနောက် ဆေးကုရန်သွားရောက်စဉ် လမ်းခုလပ်မှာပင် အသက်ဆုံးပါးသွားကြောင်း၊ ခင်ပွန်းဖြစ်သူနှင့် သားသမီးနှစ်ဦး ကျန်ရစ်ကြောင်း သိရသည်။

” ကျွန်တော်လဲ၀မ်းနည်းတယ် ။ လင်မယား ၂ယောက်ထဲ အဲ့ဒီမြောင်ပိုင်းက ဆရာ၀န်ရဲဘော်တွေရော လိုက်လာတော့ သူတို့ကခေါင်းကမ ကျွန်တော်က ​ခြေထောက်ကနေ မပြီး ပုလင်းကြီး ကိုင်လိုက်ရတာဆိုတော့ နင် ဘုရားတရားသာအောင့်မေ့တော့ဆိုပြီး မနက်ပိုင်းလေးမှာ ဆုံးသွားတာ ” ဟု သေဆုံးသူအမျိုးသမီး၏ ခင်ပွန်းဖြစ်သူကပြောသည်။

အာဏာသိမ်းယူပြီးချိန်မှ စတင်ကာ ဧပြီ ၅ရက်နေ့အထိ စစ်ကောင်စီလက်ချက်ဖြင့် အသက်ဆုံးပါးရသည့် ပြည်သူများမှာ (၄၈၅၂) ဦးထိ ရှိနေပြီး အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူမှာ (၁၇၀၀) ဝန်းကျင်ထိရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စစ်တမ်းများအရ သိရသည်။

 

ဓာတ်ပုံ – ပေးပို့