ခရိုင်လဝကရုံး တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အရပ်သားများ ထိခိုက်ခဲ့မှုအပေါ် တော်လှန်ရေးတပ်ဖွဲ့မှ တောင်းပန်

Published on Apr 06, 2024

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် (၁)လမ်းရှိ မြို့နယ် ခရိုင်လဝကရုံးသည် စစ်မှုထမ်းစာရင်း ကောက်ခံသော အဓိကနေရာဖြစ်သောကြောင့် ဒေသခံတော်လှန်ရေးတပ်များက ဧပြီလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ဖောက်ခွဲခဲ့ရာ တိုက်ခိုက်မှုအတွင်း အရပ်သားများပါ ထိခိုက်ခဲ့မှုအပေါ် တော်လှန်ရေးတပ်ဖွဲ့မှ တောင်းပန်ခဲ့ပြီး စစ်ကောင်စီနှင့်ဆက်စပ်သည့် နေရာများကို ရှောင်ရှားစေလိုကြောင်း တိုက်ခိုက်ရေးတွင် ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက ပြောသည်။

 

မန္တလေးခရိုင် လဝက ရုံးသည် စစ်ရေးပစ်မှတ်ဖြစ်သောကြောင့် ပြည်သူများနားနေနိုင်သော ထမင်းစားချိန်ကိုသာ ရွေးချယ်ဆောင်ရွက်တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်ထုတ်လက်ပစ် ဗုံးတစ်လုံးသာ ခွဲခဲ့သော်လည်း  စစ်ကောင်စီမှ ကြေညာထားသော Unique Identification Number (UID) ကဒ်များလုပ်ဆောင်ရန် လူဝင်ထွက်များနေသောကြောင့်  ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ကာ ဒုလဝကမှုး ‌သော်ဇင်ဦးအပါအဝင် (၉)ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူ ၂ ဦးမှာ အရပ်သားများ ဖြစ်ကြောင်း စစ်ကောင်စီဘက်က သတင်းချန်နယ်များမှာ တွေ့ရသည်ဟု တိုက်ခိုက်ရေးမှာ ပါဝင်ခဲ့သော အီဗန်က CJ Platform ကို ပြောသည်။

 

“ ကျွန်တော်တို့ ပြည်သူတွေပါးတဲ့အချိန်ကိုရွေးပြီး ထမင်းစားချိန်လောက်မှာ တိုက်ခိုက်ခဲ့တာပါ ပြည်သူ ၂ ဦးသေတယ်လို့ စစ်ကောင်စီဘက်က ချန်နယ်တွေမှာတွေ့တယ် သူတို့ ဝန်ထမ်းတွေကလည်း နေ့စားတွေများတယ် သေချာတော့ အတည်မပြုရသေးဘူး ထိခိုက်ဒဏ်ရာရတာများတယ် ကျွန်တော်တို့လဲ သတိပေးထားပါတယ် အဲ့လိုရုံးတွေနဲ့ နီးနီးကပ်ကပ်မရှိဖို့လေ ခုလို ပြည်သူ ၂ ဦးထိတာ ကြားရတာ စိတ်လည်းမကောင်းပါဘူး ကျွန်တော်တို့ အနူးအညွှတ်တောင်းပန်ပါတယ် သူတို့နဲ့ ဝေးဝေးနေပါ ” ဟု အီဗန်က ပြောသည်။

 

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရ လူနာများကို မန္တလေး ပြည်သူ့ဆေးရုံကြီး သို့ ပို့‌ဆောင်ခဲ့ပြီး သေဆုံးသူ ပြည်သူ ၂ ဦးမှာ မနီနီဝင်းမောင်နှင့် မောင်စွဲရစ် တို့ဖြစ်ကြောင်း Myanmar Now တွင်ဖော်ပြထားကာ အသက်နှင့်  နေရပ်ကို CJ Platform အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

 

ထို့ပြင် စစ်ကောင်စီတပ်သည် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ခရိုင် လဝက ရုံးပတ်လည်ရှိ လမ်းများကို ပိတ်ချကာ အစစ်အဆေးကြမ်းနေသည်ဟုလည်းသိရှိရသည်။

 

အောင်စည်တော်နှင့် Special Task Force Mandalay( STF-MDY) ရဲဘော်များမှာ အဆင့်မြင့်ပညာများ သင်ယူနေရသောကြောင့် ယခင်က Mission ဖော်ဆောင်မှုများ ရပ်ထားခဲ့သော်လည်း ယခုစစ်ရေးဆိုင်ရာ ပစ်မှတ်များအား တိုက်ခိုက်မှုများကို အချိန်အခါကောင်းကောင်းတွင် သတိကြီးကြီးဖြင့် အရှိန်အဟုန်မြှင့်  လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်သော အဖွဲ့အစည်းများ၊ ပျူစောထီးများ၊ ရဲသားများနှင့် ကင်းကင်းရှင်းရှင်းနေကြရန် မေတ္တာရပ်ခံကြောင်း ဖြည့်စွက်ပြောကြားသည်။

 

ဓာတ်ပုံ – pro- SCA