“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (မတ် ၃၁ မှ ဧပြီ ၆ ရက်အထိ)

Author ကိုထားဝယ်
Categories
Published on Apr 06, 2024

ဒီတစ်ပတ်(မတ်လ ၃၁ ရက်မှ ဧပြီ ၆ ရက်အထိ)အတွင်း ထိုင်ဝမ်ငလျင်သတင်းတွေ စိုးမိုးခဲ့သလို အစ္စရေးရဲ့ ပရဟိတသမား ၇ ယောက် သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုအကြောင်း၊ ဖင်လန်တစ်နိုင်ငံလုံး တုန်လှုပ်စေခဲ့တဲ့ ၁၂ နှစ်သား သေနတ်သမားလေးရဲ့ အတန်းဖော်တွေကို ပစ်ခတ်မှု၊ အမေရိကန်-တရုတ် ကာကွယ်ရေးအရာရှိတွေ စစ်ရေးအကြောင်း ထိပ်တိုက်ပြန်ဆွေးနွေးတဲ့သတင်း စတဲ့ ကမ္ဘာသတင်းမီဒီယာတွေထက် လွှမ်းမိုးခဲ့တဲ့ခေါင်းကြီးသတင်းတွေကို ရွေးချယ်ဖော်ပြပေးထားပါတယ်။

****************************************

 

“၂၅ နှစ်အတွင်း အပြင်းဆုံးငလျင်ဒဏ်ခံစားခဲ့ရတဲ့ ထိုင်ဝမ်”

 

ဒီတစ်ပတ် နိုင်ငံတကာသတင်းတွေထဲ အထူးခြားဆုံးနဲ့ အဆိုးရွားဆုံး သတင်းတစ်ပုဒ်ကတော့ ထိုင်ဝမ်မှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

အင်အား ၇ ဒဿမ ၄ ရစ်ချ်တာစကေးရှိတဲ့ ပြင်းအားမြင့်ငလျင်ကြောင့် တိုက်တာအဆောက်အအုံကြီးတွေ ပြိုလဲပျက်စီးခဲ့ရသလို လူ ၁၂ ဦးထက်မနည်းသေဆုံးတဲ့အပြင် တစ်ထောင်ကျော်ဒဏ်ရာရခဲ့ပါတယ်။ ဧပြီ ၃ ရက် ဗုဒ္ဓဟူးနေ့မှာလှုပ်ခဲ့တဲ့ ဒီငလျင်ဟာ ထိုင်ဝမ်နိုင်ငံသမိုင်းတစ်လျှောက် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးလို့ ဆိုပါတယ်။

 

ငလျင်ဟာ ဟွားလျမ်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး အဲဒီကလူတွေပဲ အဓိက သေဆုံး၊ ထိခိုက်ခဲ့တာပါ။

 

စောင်းသွားတဲ့တိုက်ကြီးတွေဖြစ်တဲ့ ဟွားလျမ်မြို့ ဟွာရမ်လမ်းပေါ်က ယူရန်နက်စ်အဆောက်အအုံနဲ့ ကောင်စီလမ်းပေါ်က Happy Hour Brunch အဆောက်အအုံတို့ကို ကြာသာပတေးနေ့ကစလို့ ရှင်းလင်းရေးတွေလုပ်ပြီးနောက် ဖြိုချဖျက်ဆီးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အခုထက်ထိ ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

 

ငလျင်ကြီး လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်ပေါင်း အမြောက်အများ လှုပ်ခတ်ခဲ့တာကြောင့် မြေပြိုကျမှုတွေ၊ တောင်တွေပေါ်က ကျောက်ခဲတွေ ပြိုကျမှုတွေကြောင့် လမ်းတွေပြတ်တောက်နေခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့နေကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ ဟွားလျမ်မြို့က အမျိုးသားဥယျာဉ်ကြီးထဲမှာ လူပေါင်း ရာနဲ့ချီ ပိတ်မိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

****************************************

 

“အမေရိကန်-တရုတ် ဆွေးနွေးပွဲတွေ ပြန်စတဲ့ရက်သတ္တပတ်”

 

အမေရိကန်-တရုတ် အရာရှိတွေ သီးသန့်ထိပ်တိုက်ဆွေးနွေးမှုတွေ ရပ်နားထားတာ ၂ နှစ်လောက်ရှိနေပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီ ပီလိုစီက ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီး နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ရပ်ဆိုင်းသွားခဲ့တာပါ။

 

ဒါပေမဲ့ ဒီတစ်ပတ် ဧပြီ ၃ ဗုဒ္ဓဟူးနဲ့ ဧပြီ ၄ ကြာသာပတေးတို့မှာ ပထမဆုံးအကြိမ် ပြန်စလုပ်ခဲ့ပါတယ်။

 

ပစိဖိတ်ဒေသတွင်း အမေရိကန်-တရုတ် စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကြား အန္တရာယ်ရှိတဲ့ မတော်တဆမှုတွေ ဖြစ်ပွားနိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကာကွယ်ရေးအရာရှိတွေ ဟာဝိုင်ယီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

 

အခုဆွေးနွေးပွဲမှာ အရင်နှစ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုံခြုံရေးဆိုင်ရာအန္တရာယ်ရှိတဲ့ မတော်တဆမှုတွေကို စစ်တပ်ရဲ့ ပင်လယ်ပြင်ဒေသတွင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အလုပ်အဖွဲ့ MMCA က ဆန်းစစ်သုံးသပ်ခဲ့သလို နှစ်နိုင်ငံကြား ရေရှည်တည်တံ့နိုင်မယ့် အန္တရာယ်ကင်းပြီး ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရေကြောင်း စစ်ရေးလုပ်ဆောင်မှုတွေ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

 

တရုတ်အရာရှိတွေကတော့ သူတို့အပိုင်လို့သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကို အမေရိကန်ရဲ့ ထောက်ပံ့ပေးမှုဟာ တရုတ်အတွက် အနှောင့်အယှက်ဖြစ်စေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆန်ဖရန်စစ္စကိုက အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ APEC အစည်းအဝေးမှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာတော့ နှစ်နိုင်ငံ စစ်တပ်တာဝန်ရှိသူတွေကြား အွန်လိုင်းကနေပဲ ပထမဆုံး တွေ့ဆုံခဲ့တာရှိပါတယ်။ အခု တွေ့ဆုံပွဲမှာတော့ စစ်တပ်တာဝန်ရှိသူ ၁၈ ဦးစီ လူကိုယ်တိုင် တက်ရောက် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

****************************************

 

“ဂါဇာမှာ နိုင်ငံစုံက ပရဟိတသမား ၇ ယောက် သေဆုံးမှုဂယက်”

 

အခုအပတ် အစ္စရေး-ဟားမက်စ်စစ်ပွဲသတင်းတွေထဲ ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူတွေအတွက် အကူအညီပေးရေး ယာဉ်တန်းကို အစ္စရေးစစ်တပ်တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံစုံက ပရဟိတအကူအညီပေးသူ ၇ ယောက် သေဆုံးခဲ့ပါတယ်။

 

အဲဒီသတင်းနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ မဟာမိတ်ကြီး အမေရိကန်ပြည်ထောင်စုအပါအဝင် အစ္စရေးကို ထောက်ခံနေတဲ့ အနောက်နိုင်ငံအတော်များများကလည်း အမျက်ထွက်ခဲ့ကြပါတယ်။

 

ဒီလိုသေဆုံးမှု ဖြစ်စဉ်အပြီး ကြာသာပတေးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုကို ဖုန်းနဲ့ဆက်သွယ် ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

အမေရိကန်အခြေစိုက် World Central Kitchen ပရဟိအဖွဲ့က အကူအညီပေးဖို့သွားသူ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျ၊ ပိုလန်နဲ့ ပါလက်စတိုင်း ပရဟိတကူညီသူတွေ သတ်ဖြတ်ခံခဲ့ရတာပါ။

 

ဒီတိုက်ခိုက်မှုအပေါ် အင်မတန်ဒေါသထွက်ရပြီး ဝမ်းနည်းကြေကွဲရတယ်လို့ သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

 

“တမင်တိုက်ခိုက်တာ” လို့ World Central Kitchen အဖွဲ့တည်ထောင်သူ José Andrés က အပြစ်တင်ပါတယ်။ “ဒါဟာ ကံဆိုးတဲ့ အမှားမဟုတ်ဘူး” လို့လည်း သူက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

အစ္စရေးဘက်ကတော့ အခုပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပါလက်စတိုင်းလက်ဖြောင့် သေနတ်သမားကို ပစ်မှတ်ထားတိုက်ခိုက်စဉ် မှားယွင်းပစ်ခတ်မိခဲ့တာလို့ သောကြာနေ့မှာ ဝန်ခံပြောကြားပါတယ်။ ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတို့ကိုလည်း အစ္စရေးစစ်တပ်က ထုတ်ပယ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

 

ဒါပေမဲ့ အဲဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ရာဇဝတ်မှုနဲ့ စုံစမ်းပေးဖို့ ပိုလန်နိုင်ငံက တောင်းဆိုထားပါတယ်။ ဝါဆောမြို့တော်မှာရှိတဲ့ အစ္စရေးသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဒီတိုက်ခိုက်မှုအပေါ် မကျေနပ်ကြောင်း အသိပေးခဲ့တယ်လို့ ပိုလန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

****************************************

 

ဂါဇာအတွက် အကူအညီပေးရေးလမ်းကြောင်း အစ္စရေး ယာယီဖွင့်ပေးမယ်

 

ပရဟိတသမားတွေသေဆုံးခဲ့ရတဲ့ဖြစ်ရပ်နောက်ပိုင်း အကြပ်အတည်း ကြီးကြီးမားမားဖြစ်ခဲ့ရတဲ့ အစ္စရေးဟာ တစ်ထစ်လျှော့လိုက်ရပါတော့တယ်။

 

အဲဒါကတော့ ဂါဇာဒေသထဲ အကူအညီတွေပေးနိုင်ဖို့ ယာယီလမ်းဖွင့်ပေးမယ်လို့ အစ္စရေးက သောကြာနေ့မှာ ကြေညာလိုက်တာပါ။ ကန်သမ္မတနဲ့ အစ္စရေး ဝန်ကြီးချုပ်တို့ ကြာသပတေးနေ့က ဖုန်းပြောပြီးနောက်မှာ ဒီကြေညာချက် ထွက်လာခဲ့တာပါ။

 

ဂါဇာဒေသထဲကို အဝင်အထွက်လုပ်နိုင်တဲ့ မြောက်ပိုင်းက အီရပ်ဇ်(Erez)နယ်စပ်ဂိတ်နဲ့ အက်ရှ်ဒေါ့(Ashdod) ဆိပ်ကမ်းအပါအဝင် ယာယီလမ်းကြောင်းတွေ ဖွင့်ပေးမယ်လို့ ဆိုတာပါ။ ဘယ်လိုအကူအညီတွေကို ဘယ်လောက်ပမာဏ ခွင့်ပြုမလဲဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာပြောမထားပါဘူး။

****************************************

 

“ဖင်လန်က ၁၂ နှစ်သား သေနတ်သမား”

 

ဖင်လန်နိုင်ငံမှာ အသက်မပြည့်သေးတဲ့ ၁၂ နှစ်အရွယ်ကလေးတစ်ဦးက သေနတ်ကိုင်ပစ်ခတ်မှု ကျူးလွန်ခဲ့လို့ ကျောင်းသားသုံးယောက် ဒဏ်ရာရခဲ့ပါတယ်။

 

ဧပြီလ ၂ ရက်နေ့က ဖင်လန်နိုင်ငံ တောင်ပိုင်း မြို့တော် ဟယ်ဆင်စကီးက ဆင်ခြေဖုံးရပ်ကွက်တစ်ခုက အလယ်တန်းကျောင်း တစ်ကျောင်းမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတစ်ဦးက အတန်းဖော်တွေ သေစေနိုင်လောက်တဲ့ ပစ်ခတ်မှုမျိုး လုပ်ဆောင်ခဲ့တာပါ။

 

ကျောင်းသား ၈၀ဝ လောက်ရှိတဲ့ Viertola အလယ်တန်းကျောင်းမှာ ပစ်ခတ်သူလို့ သံသယရှိ ကလေးငယ်ဟာ သူ့အတန်းဖော်တွေရဲ့ အနိုင်ကျင့်မှုကိုခံနေရသူလို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားကြပါတယ်။ ဒါကြောင့် သူဟာ အတန်းဖော်တွေကိုပဲ ရွေးပြီး ပစ်ခတ်ခဲ့တာလို့ ရဲကပြောပါတယ်။ သူ့ကို ဧပြီ ၂ ရက်မှာပဲ ဟယ်ဆင်စကီးမြို့အနီး လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ဖင်လန်တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရပါတယ်။