စစ်မိစ္ဆာအောက် မန်းသင်္ကြန်ဟာ နန်းဆန်မတဲ့လား..

Author အညာသား
Categories
Published on Apr 06, 2024

သင်္ကြန်ဆိုတာနဲ့ မန္တလေးကို ချန်လပ်ထားလို့မရအောင် မန္တလေးသင်္ကြန်က လူသိများ အသိမှတ်ပြုခံခဲ့ရပါတယ်။ မြန်မာနှစ်ကူးအတာသင်္ကြန်ပွဲတော်ချိန်ခါရောက်လျှင် သူမြို့၊ကိုယ်မြို့၊ သူဒေသ၊ ကိုယ့်ဒေသ တောင်တန်းပြည်မ အထက်အညာ၊ အောက်ပြည် အောက်ရွာ ပုံသဏ္ဍန်မျိုးစုံနဲ့ သင်္ကြန်ပွဲတော်ကို ဆင်ယင်ကျင်းပနွှဲပျော်လေ့ရှိ ကြတယ်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါး ပြည်ပရောက်ရှိနေသူများပင် ရက်ရှည်အလုပ်နားခွင့်ရတတ်ကြလို့  ကိုယ်နိုင်ငံ ကိုယ့်မြို့၊ ကိုယ်ရွာ၊ ကိုယ့်ဒေသကိုပြန်လာကြပြီး မိသားစုနဲ့အတူ သူငယ်ချင်းမိတ်ဆွေ အပေါင်းသင်းတွေနဲ့တကွ သင်္ကြန်ပွဲတော်ကို နွှဲပျော်လေ့ရှိကြတယ်။ ဒီနှစ်တော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရပ်ခြားရောက် ရှိနေတဲ့ ရွှေမြန်မာတို့ ပြန်လာကြမလားမပြောတတ်။

မြန်မာ့လူအဖွဲ့အစည်းအတွင်း ၁၂လရာသီပွဲတော်တွေရှိတဲ့အနက် သင်္ကြန်ပွဲတော်ဟာ မြန်မာလူမျိုးတို့ရဲ့ နှလုံးသည်းပွတ် အထွတ်မြတ်ထားရာပွဲတော်တစ်ခုဖြစ်တယ်။ ဒီပွဲတော်ကြီးမှာ အထက်မြန်မာပြည်ရဲ့ မြို့တော်တစ်ခုလည်းဖြစ် သမိုင်းယဉ်ကျေးမှုခံတပ်မြို့လည်းဖြစ်တဲ့ မန္တလေးသင်္ကြန်ပွဲတော်ဟာ သမိုင်းအဆက်ဆက် ခေတ်အသွယ်သွယ် မန်းဆန်ဆန်၊ နန်းဆန်ဆန်နဲ့ ဆင်ယင်ကျင်းပနွှဲပျော်လာခဲ့သည်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက် စစ်တပ်အာဏာမသိမ်းခင်အထိလို့ ဆိုရတော့မှာပဲ။

မန္တလေးသင်္ကြန်ပွဲတော်ဟာ တစ်ခြားတိုင်းမြို့ဒေသတွေထက် လူသိများ ပေါ်ပျုလာဖြစ်မှုက မန္တလေးတောင်နဲ့ ကျုံးမြို့ရိုးကြီးကို နောက်ခံထား သင်္ကြန်မဏ္ဍပ်အကြီးကြီးတွေဆောက်လုပ် နည်မည်ကြီး မင်းသား၊မင်းသမီးနဲ့ အဆိုတော်ကြီးတွေအပြိုင်အဆိုင်ငှားပြီး မဏ္ဍပ်ပေါ်ကနေ အာဏာရှိအလွှာကပုဂ္ဂိုလ်တွေ၊ဓနရှင် ခရိုနီလူတန်းစားတွေ စားကောင်းသောက်ဖွယ်အပြည့်နဲ့ စီးမျှောကြတာ မန္တလေးသင်္ကြန်အစစ်မဟုတ်ဘူး။ ကျုံးပတ်လည်လမ်းတွေ ရေလျှံအောက်အထိ ရေတွေဝိုင်းပတ်ကြလို့ လူသိများတာလည်း မဟုတ်ပါဘူး။

မန္တလေးသူ၊မန္တလေးသားတွေ အထက်မြန်မာပြည်တကျောက ကျေးရွာသူ ဒေသခံ အညာသူအညာသားတို့ရဲ့ မန္တလေးသင်္ကြန်ပွဲတော်မှာ သက်ဝင်ယုံကြည်ပါဝင်စီးမျှောမှုက မန်းဆန်နန်းဆန် အညာဆန်လှတယ်လေ။

ဟိုအရင်ကာလတွေတုန်းကဆိုရင် အခုလို သင်္ကြန်မတိုင်ခင်ရက်တွေမှာကတည်းက မန္တလေးမြို့ခံတွေအနေနဲ့ “ သင်္ကြန်တွင်းစာ”ဆိုပြီး အကြို၊အကျ၊အကြတ်၊ အတက်၊ နှစ်ဆန်းတစ်ရက် နေ့အထိ ငါးရက်တာအတွက် စားသောက်ဖို့ရိက္ခာတွေကို ကြိုတင်စုဆောင်းဝယ်ယူနေကြပြီ။ အားလုံးသိတဲ့အတိုင်း သင်္ကြန်တွင်းဆိုရင် စျေးတွေ ၊ဆိုင်တွေ အကုန်ပိတ်ကြတာကိုး။ သင်္ကြန်မတိုင်ခင် တစ်လ၊နှစ်လလောက်ကြိုပြီး ထွက်ရှိတဲ့ “ မဟာသင်္ကြန်စာ ”ရောင်းတဲ့သူတွေကလည်း ရပ်ကွက်အနှံအပြားလှည့်လည်ပြီး ဒီနှစ်သင်္ကြန် သကြားမင်းက ဘာကိုင်ဆင်းမယ်၊ ညာကိုင်ဆင်းမယ်၊ ဘယ်နေ့သားတွေ အတာစား မယ် ဘာရယ်ညာရယ်ဆိုပြီး အော်ဟစ်ရောင်းချသံတွေကလည်း လွမ်းစရာ…

ဒါတင်ပဲလားဆိုတော့ သင်္ကြန်မှာဝတ်ဆင်ဖို့ အဝတ်အစားတွေ၊ သူငယ်ချင်းမိတ်ဆွေတွေစုဖွဲ့ပြီး ကားနဲ့လည်ပတ်ကြဖို့အတွက် ကားငှားကြဖို့  တစ်ရက်ဘယ်လောက်၊ သင်္ကြန်တွင်း တစ်တွင်းလုံးဆို ဘယ်လောက်၊ ကားဆီဖိုးအပါ အပြတ်ဆိုဘယ်စျေး၊ ကားဆီထည့် အကျန်ဆိုဘယ်စျေးဆိုတာမျိုးတွေပေါ့။ မန္တလေးမှာ အခုလိုအိမ်တိုင်းစေ့ဆိုင်ကယ်တွေမရှိခင် ခေတ်ကာလတုန်းကလည်း ဆိုင်ကယ်တွေကို ဝပ်ရှော့တွေဆီကနေ စရံကြိုသပ်ငှားထားကြ။ လည်တဲ့အခါ လူတွေဝိုင်းကြည့်အောင် ဆိုင်ကယ်ကို အိတ်ဇောဖြုတ်၊ ကာဗာဖြုတ်၊ ဆိုက်ကယ်ခေါင်းရှေ့မီးခွက်တွေဖြုတ်ပြီး လူအရိုးခေါင်းပုံတွေ၊ တိရစ္ဆာန်ခေါင်းပုံစံတွေ စိတ်ကူးတဲ့ရှိတဲ့ဒီဇိုင်းမျိုးစုံပုံဖော်ကြ၊ သင်္ကြန်တွင်းလည်မှာဆိုတော့ ဆိုင်ကယ်ပလပ်ကို ရေစိုခံအောင် နည်မျိုးစုံကြံဆ၊ ရွှံ့မစင်အောင် ဆိုင်ကယ်နောက်မြီးကို ကာဗာအပြားကြီးတာတွေ ရှာကြံဖြုတ်တပ် စုံလို့ပါပဲ…၀ူခုန်းခေတ်တုန်းကလည်း စွန်း၀ူခုန်းတို့ အဖွဲ့လိုက်ဝတ်စုံဝတ်ပြီးလည်ကြ။ ပေါင်ချိန်ကျန်ကျောင်းခေတ်မှာလည်း ပေါင်ချိန်နဲ့ကျန်ကျောင်း၊ လိပ်ဖိုးခေတ်ဆိုလည်း လိပ်ဖိုးဖိုး ခေတ်အလိုက် စနစ်အလိုက် ထင်ဟတ်စေတဲ့ သရုပ်ဖော်ပျော်ရွင်မှုမျိုးစုံနဲ့ လည်ခဲ့ကြ ပျော်ခဲ့ကြတာ။

 

မဏ္ဍပ်ထိုင်မယ့်သူတွေကလည်း ဘယ်မဏ္ဍပ်က လက်မှတ်ခစျေးနှုန်းတွေကဘယ်လို၊ လက်မှတ်များရင် တစ်စောင်၊နှစ်စောင်ဖရီး…ဟိုမဏ္ဍပ်ကရောင်းတဲ့လက်မှတ်က နေ့လယ်စာပါတယ်။ အစားတင်ပဲလား သောက်စရာလေးရော အပိုမပါဘူးလား။ ဦးထုတ်တွေ၊ မျက်မှန်တွေ၊ ရေစိုခံဖုန်းအိတ်တွေလက်ဆောင်ပေး တာမျိုးရော မရှိဘူးလား အဲလိုမျိုး အပြိုင်အဆိုင် ရွေးချယ်ပြင်ဆင်ကြတာပါ။

 

သင်္ကြန်မတိုင် တစ်လလောက်ကတည်းက မန္တလေးမြို့ဂုဏ်ဆောင် မြို့မအသင်းတိုက်ကြီးထဲ ငွေငန်းအရုပ်ကြီးကို ထုတ်ရိူးပြီ။ ငွေငန်းအရုပ်ကြီးကို ပြင်ဆင်ဖာထေးစရာရှိတာ ပြင်ဆင်၊ ချယ်သဆင်ယင်မှုတွေစပြီ။ ငွေငန်းအလှပြယာဉ်ဒီဇိုင်းအတွက် ပုံမှန်ဆောင်ရွက်နေကြ မန္တလေးကပညာရှင်တွေဆီမှာ ကြိုတင်အပ်နှံထားလို့ ချယ်သပြင်ဆင်နေကြပြီ။ ငွေငန်းအလှပြယာဉ်ကားကြီးမှာ ပြင်ဆင်ချယ်ထားတဲ့ သရုပ်ဖော် ရုပ်လုံးရုပ်ကြွတွေ၊ ကနုတ်ပန်းခတ်တွေကလည်း တစ်နှစ်နဲ့တစ်နှစ်မတူပေ။ ခေတ်အလိုက် နှစ်အလိုက်ထင်ဟတ်စေတဲ့ သရုပ်ဖော်ချက်တွေကလည်း သတိထားကြည့်ပါက စိတ်ဝင်စားစရာပါ။ အကြိုနေ့ညနေပိုင်း မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခန်းမနားကို “ပြည်တော်ဝင်သီချင်း”နဲ့ ဖြည်းဖြည်းချင်းဝင်ရောက်လာတဲ့ မြို့မငွေငန်းအလှပြယာဉ်ကားကြီးနဲ့ ခရိုင်ကိုယ်စားပြု အလှပြယာဉ်တွေရဲ့ တစ်စီးပြီးတစ်စီး မတူညီတဲ့ သရုပ်ဖော်တင်ပြမှုတွေ၊ သင်္ကြန်ယိမ်းအကတွေ၊ တေးသီချင်း သီဆိုဖျော်ဖြေမှုတွေကို မြို့ခံတွေအနေနဲ့ မည်သူတစ်ဦးတစ်ယောက်ရဲ့ ဖိအားပေးဆင့်ခေါ်မှုမပါပဲ လာရောက်ကြည့်ရှု အားပေးဆင်နွှဲကြတာပါ။

 

မန္တလေးသင်္ကြန်နဲ့ ပတ်သက်လို့ သိမှတ်ခဲ့တာတစ်ခုရှိသေးတယ်။ မန္တလေးသင်္ကြန်ဆိုတာ ဟိုးတုန်းက ဒီဘက်ခေတ်ကလို မီးသတ်ပိုက်ကြီးတွေနဲ့ထိုးပြီး ရေပတ်တဲ့သင်္ကြန်မဟုတ်ဘူး။ မြို့ခံ စာရေးဆရာ၊ကဗျာဆရာ၊ ဂီတဆရာ ၊ပန်းချီဆရာ ၊ဗိသုကာပညာရှင်တွေ၊ အကပညာရှင်တွေပေါင်းဖွဲ့ပြီး သူတို့အနုပညာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ခေတ်ကိုထင်ဟပ်စေတဲ့ အရေးအဖွဲ့ ၊အတီးအမုတ်၊ အကအလှတွေနဲ့ ဖော်ကျုးရေးစပ်၊ သီကုံးဖွဲ့သီ၊ ဆင်ယင်ချယ်သ ဖန်တီးမှုမျိုးစုံပေါင်းစပ်လို့ သင်္ကြန်ပုံရိပ်ကို ပုံဖော်ဆင်နွှဲကြတဲ့ ဓလေ့ပါ။ အဲ့ဒီလိုအနုပညာဖန်တီးမှုမျိုးစုံ အားကောင်းကောင်းနဲ့ ဆင်ယင်ကျင်းပတဲ့ မန္တလေးသင်္ကြန်ကို ရှေးခေတ် ဓာတ်ရှင်သရုပ်ဆောင် သင်္ကြန်မင်းသားကြီးဝင်းဦးကိုယ်တိုင် လိုလိုချင်ချင် မန်းသင်္ကြန်အရိပ်ကို ခိုလုံခဲ့ရတာပါ။ အဲတုန်းခေတ်က မန္တလေးသင်္ကြန်ကို မဖြတ်သန်းဖူးတဲ့ အနုပညာရှင်တွေဆိုရင် အနုပညာအသိုင်းဝန်းမှာ တစ်ရေနိမ့်နေသလိုဖြစ်နေခဲ့တာ​ပေါ့။ ဒီဘက်ခေတ်ကလို ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေကို သိန်းဆယ်ရာချီပေးငှားပြီး ခနေရတဲ့အနေထားမဟုတ်ပါဘူး။

 

မှတ်မိသလောက် လွန်ခဲ့တဲ့ နှစ်သုံးဆယ်ဝန်းကျင်လောက်က မန္တလေးသင်္ကြန်ဟာဆိုရင် ဒီဘက်နှစ်များကလို ကျုံးပတ်လည်လောက်သာ ကြိတ်ကြိတ်တိုးစည်းကားတာမဟုတ်မဟုတ်ဘူး။ ရပ်ကွက်အနှံ့၊ မြို့လုံးပြန့် အုန်းလက်မဏ္ဍပ်ကအစ သစ်၊ဝါးမဏ္ဍပ်အဆုံး သူအိမ်ရှေ့၊ ကိုယ်အိမ်ရှေ့၊ ရပ်ကွက်လမ်းဆုံလမ်းခွ၊ နန်းရှေ့၊ မြောက်ပြင်၊ စျေးချို၊ ဂေါဝိန်၊ ၇၈လမ်း၊ ၈၄လမ်း၊ မဟာမုနိဘုရားကြီးဝန်းကျင် မြို့တောင်ဘက်အဆုံး အမရပူရတောင်သမန် နေရာအနှံ သင်္ကြန်ပွဲတော်ကို ပျော်ကြ နွှဲကြတာ။ ဒီဘက်ခေတ်ကလို ကျုံးပတ်လည်လေးတင် ကွက်စည်းကားနေတာမဟုတ်ဘူး။

 

ကျုံးဘေးမှာ တိုးမပေါက်လို့ နန်းရှေ့ကနေထွက် ပုသိမ်ကြီး ရန်ကင်းတောင်ဘက်သွားပြီး တောရိပ်တောင်ရိပ်ခို ရေကစား အနားယူအပန်းဖြေမလား။ ညနေစောင်းလို့ မြို့ထဲမှာ ကဲရတာအားမရသေး အိမ်မပြန်ချင်သေးရင် ဘုရားကြီးအနောက်ဘက်မုတ်ကနေတစ်ဆင့် ကျောက်ဆစ်တန်းလမ်းအတိုင်း တမ္ပ၀တီ ကြေးသွန်းရပ်ကိုဖြတ်ပြီး တောင်သမန်အင်းဘက်ကိုသွားနိုင်သလို စစ်ကိုင်း-မန္တလေးလမ်းဟောင်းအတိုင်း တောင်မြို့၊ ကပ်ကျော်ကိုဖြတ်ပြီး အမရပူရပ်ကွက်တွေထဲကနေလည်း တောင်သမန်အင်းကိုသွား ရေစိမ်၊ အကြော်စား၊ မယ်ဇယ်ရပ်ခို… လမ်းတစ်လျှောက် ရပ်အလိုက်၊ကွက်အလိုက် ပတ်လိုက်ကြတဲ့ရေတွေ ရွှဲရွှဲစိုလို့ အို…ဒါတွေက တစ်ချိန်က မန္တလေးပါ။

 

ဒီဘက်ခေတ် တစ်ဖြည်းဖြည်းပြောင်းလဲလာလိုက်တာ စက်ဘီးတွေ၊ဂျစ်ကားတွေနဲ့လည်ပတ်ဆင်နွှဲတဲ့သင်္ကြန် ကနေ ဆိုင်ကယ်တွေ၊လိုက်ထရပ်ကားတွေခေတ်၊ ဒစ်စကိုသီချင်းသံမျိုးစုံနဲ့ စီးပွားရေးသင်္ကြန် ကျုံးသင်္ကြန်ဆိုတာပဲရှိတော့တယ်။ ကျုံးဘေးမသွားရင်ပဲ သင်္ကြန်မကျသလို သင်္ကြန်မဆင်နွှဲရသလို သင်္ကြန်ရေ မစိုရတော့မယ့်အဖြစ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပိုလို့ဆိုးပေါ့။ ကျုံးဘေးမှာ အရင်လို မဏ္ဍပ်ကြီးတွေဆောက် ဖျော်ဖြေရေးမျိုးစုံနဲ့ လူထုရဲ့အာရုံတွေပြောင်းနိုင်ဖို့၊ နိုင်ငံတကာမျက်နှာစာကိုလည်း တိုင်းပြည်ကြီး အေးချမ်းတည်ငြိမ်လို့ သင်္ကြန်ပွဲတော်ကြီးတောင်ဆင်နွှဲနေတယ်ဆိုတဲ့ ပုံရိပ်ယောင်တွေပြပြီး မျက်လှည့်ပြ။ သူတို့ခင်းကျင်းထားတဲ့ ကျုံးဘေးသင်္ကြန်မှာ လက်နက်ကိုင်ယူနီဖောင်းဝတ်တွေနဲ့ လုံခြုံရေးတင်းကြပ် ခြံခတ်ပြီးလုပ်တဲ့ ကျုံးသင်္ကြန်ဟာ မန္တလေးသင်္ကြန်မဟုတ်ပါ။ လူထုသင်္ကြန်မဟုတ်ပါ။

 

သင်္ကြန်ဆိုတာက လေနေလှေအောင်းမြင်းစောင်းမကျန် လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲတဲ့ပွဲ။ နှစ်ဟောင်းက အညစ်ကြေးတွေကို အတာရေနဲ့ပတ်ဖြန်းခြင်းနဲ့ ဆေးကြောသန့်စင်ပြီး အတိတ်နမိတ်ဆောင်တဲ့ပွဲ။ လူထုရဲ့ပုံရိပ်…နိုင်ငံတန်ဖိုး။ အဲဒီလို နုညံ့သိမ်မွေ့ နက်ရိူင်းခမ်းနားလွန်းလှတဲ့ပွဲတော်ကြီးကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုတည်းရဲ့ ဦးဆောင်မှုနဲ့ ငွေကြေးမည်မျှအကုန်ကျခံသုံးစွဲပြီး ရန်ကုန်သင်္ကြန်၊ နေပြည်တော်သင်္ကြန်၊ မန္တလေးသင်္ကြန်ဆိုပြီး လုပ်ဆောင်စီစဉ်ပါစေဦးတော့ ဒါဟာသင်္ကြန်ပွဲတော် မမည်ပါ။

 

ရန်ကုန် ၊နေပြည်တော်၊ မန္တလေးမြို့ကြီးတွေမှလွဲလို့ ကျန်တိုင်းနဲ့ပြည်နယ် တောင်ပေါ်မြေပြန့် အညာဒေသ တိုင်းရင်းသားနယ်မြေတွေအားလုံးမှာ စစ်မီးတွေတောက်၊ ရွာလုံးကျွတ် မြို့လုံးကျွတ် မီးလောင်ပြင်ဖြစ်၊ သွေးချောင်းစီး ကိုယ်အထုပ်ကိုယ်ခေါင်းပေါ်ရွက်၊ ကလေးငယ်ကိုခါးထစ်ခွချီလို့ အသက်ဖက်နဲ့ ထုပ်ပြေးနေရတဲ့အချိန်မှာ ဘယ်လိုနမိတ်ကောင်းယူပြီး နှစ်ကူးသင်္ကြန်အခါတော်ယူနိုင်မလဲ။

 

မန္တလေးအပါအဝင် မြို့တိုင်း၊နယ်တိုင်းက လမ်းမတွေပေါ်မှာ ကျခဲ့တဲ့ သွေးစက်တွေကို ဘယ်လိုသင်္ကြန်ရည်မျိုးနဲ့ ဆေးကြောသန့်စင်နိုင်မှာလဲ…တောထဲတောင်ထဲမှာ လူမသိ သူမသိ ပျောက်ကွယ်ခဲ့ရတဲ့ အညတရသူရဲကောင်းတွေရဲ ဝိဉာဉ်တွေကို  ပိတောက်ပန်းခတ်နဲ့ ပြည်လည်အသက်သွင်းလို့ရော ရနိုင်ပါ့မလား…

 

ဘီလူး ၊သရဲ ၊ဖုတ်၊ သဘတ် မကောင်းဆိုးဝါးစစ်မိစ္ဆာတွေရဲ့ လက်အောက်ရောက်ရှိနေတဲ့ နိုင်ငံကို လူထုအားနဲ့ ဝိုင်းဝန်းကယ်ထုတ် လွတ်မြောက်အောင် ဆောင်ရွက်ကြိုးပမ်းပြီးမှသာလျှင် အောင်သပြေခတ်နဲ့ အတာရေပတ်ဖြန်းပြီး “ပြည်တော်ဝင်”သီချင်းလွှင့်လို့ လူထုသင်္ကြန်၊ မန္တလေးသင်္ကြန်ကို နန်းဆန်ဆန် မန်းဟန်အပြည့်နဲ့ ပြန်လည်ဆင်နွှဲကြပါစို့…

 

ပုံစာညွှန်း – ပြည်သူအများလွတ်လပ်ပျော်ရွှင်ခဲ့ကြသည့် မန်းသင်္ကြန်ပွဲတော် (ပုံအဟောင်း)