မင်းကင်း ရပ်ကျေးပလဖရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေအတွက် ၂ လကျော်ကြာတဲ့အထိ တာဝန်ယူမှုမရှိသေး

Author CJ Platform
Categories
Published on Mar 06, 2026

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ရပ်ကျေး ပသုံးလုံးအဖွဲ့တွေနဲ့ ဒေသခံတွေအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာပလဖခေါင်းဆောင်ရဲ့ ပစ်ခတ်မှုကြောင့် NUG ကျောင်းသားတစ်ဦးအပါအဝင် ဒေသခံသုံးဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တာကို ဒီကနေ့ မတ် ၆ ရက်အထိ တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ မိသားစုဝင်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က ရွာဘကျေးရွာ ပအဖခေါင်းဆောင်ဟာ လက်နက်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့တာကြောင့် ဒေသခံတွေက ပြန်လည်တားဆီး ထိန်းသိမ်းခဲ့ရာကနေ ရပ်ကျေး ပသုံးလုံးအဖွဲ့တွေက ဇန်နဝါရီ ၃ ရက်မှာ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းဖမ်းဆီးရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

“ပလဖ အဖွဲ့ဝင်တွေကို လာဖမ်းတော့ သေနတ်တွေ တောက်လျှောက်ဖောက်တာ၊ စက်လှေပေါ်ရောက်တော့လည်း မိုးပေါ်ထောင်ဖောက်တယ်၊ ပြီးတော့ ရေထဲဖောက်တယ်။ အဲဒီအချိန် လူတွေဝိုင်းနေတုန်း ဦးအေးလွင်က မော်တော်ပေါ်တက်ခါနီး လှည့်ပြီး ပစ်သွားတာ။ ကျွန်တော်တို့က မော်တော်ဦးဘက်မှာ အဲဒါကို ပစ်သွားတာ။ အစက မိုးပေါ်ထောင်ဖောက်တာတွေ လုပ်ပေမယ့် မော်တော်ပေါ်တက်ခါနီးမှာ လှည့်ပစ်သွားတာ။ ဦးအေးလွင် ပစ်သွားတာ အတိုနဲ့၊ ပစ်ပြီးမှ သူတို့လည်း တောက်လျှောက် ထွက်သွားတော့တာ” လို့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အသက် ၂၀ ခန့်အရွယ် NUG ကျောင်းသားဖြစ်သူ ရဲရင့်နိုင်က CJ Platform ကို ပြောပါတယ်။

 

ကျေးရွာပလဖတာဝန်ခံဆီက ပစ်ခတ်ခံခဲ့ရမှုမှာ ခါးကြားမှာရှိနေတဲ့ ဖုန်းကြောင့်သာ ဒဏ်ရာပြင်းထန်စွာ မရခဲ့ဘူးလို့ သိရပြီး၊ ပစ်ခတ်မှုတွေကြောင့် ကိုရဲရင့်နိုင်အပါအဝင် ဖခင်ဖြစ်သူ ဦးကုလားအပြင် ဦးမိုးအောင်တို့ ၃ ဦးမှာ ခြေထောက်၊ ဝမ်းဗိုက်တွေမှာ အသီးသီး ဒဏ်ရာရရှိခဲ့ပါတယ်။

 

“ကလေးက G-9 တက်နေတာ၊ ရွာကျောင်းရော လိုင်းပေါ်ရော စာသင်နေတာရှိတယ်။ သူတို့ ပစ်ခတ်တာကို ဖြေရှင်းပေးဖို့ တင်ပြတယ်၊ မြို့နယ်ပလဖက အဲဒါက တရားမဝင်ဘူးတဲ့၊ တာဝန်ယူပေးတာမျိုး မရှိဘူး။ အခုက ပေါ်ယံဒဏ်ရာပေမယ့် အသက်သေနိုင်တဲ့ လက်နက်နဲ့ပစ်တာ။ မြို့နယ်အဖွဲ့တွေကို ပြောတယ်၊ တင်ပြတယ် ဘာမှတာဝန်ယူပေးတာ မရှိဘူး” လို့ ရဲရင့်နိုင်ရဲ့ မိခင်ဖြစ်သူက CJ Platform ကို ပြောပါတယ်။

 

ရပ်ကျေးပလဖ ပစ်ခတ်မှုသက်သေ ကျည်ခွံ၊ သားဖြစ်သူရဲ့ လက်ကိုင်ဖုန်းနဲ့ ပုဆိုးကို တာဝန်ရှိသူတွေက သိမ်းယူသွားကြောင်းနဲ့ အမျိုးသားဖြစ်သူ ဦးကုလားကိုတော့ ကျေးရွာ ပအဖကို ဖမ်းဆီးမှုမှာ ပါဝင်သူအဖြစ် ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် အမှုကင်းလွတ်ခွင့် ရနေပေမယ့် မြို့နယ်ပလဖရုံးမှာ အကျယ်ချုပ် အနေအထားနဲ့ ခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။

 

“ကျေးရွာကဖြစ်စဉ်ကတော့ သူတို့လူကို လုပ်တာပဲ အဓိကထား စစ်ဆေးတာပဲ။ သေနတ်နဲ့ ကျေးရွာကို စကစ လို ဝင်ပစ်ခတ်တာကျ မသိချင်ယောင်ဆောင်နေတာ။ အခု ဖမ်းဆီးခံရသူတွေဆို ဓားထိုးမှု၊ ဝိုင်းဝန်းမှုတွေနဲ့ ဖမ်းတာ။ ပြီးတော့ NUG အုပ်ချုပ်ရေးယန္တရားကို နှောင့်ယှက်လို့၊ သူတို့လူတွေ သေနတ်နဲ့ပစ်တာကျ တာဝန်အရပေါ့နော်” လို့ ရွာဘဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် ညပိုင်းမှာ ကျေးရွာပအဖခေါင်းဆောင် ဦးချစ်ဌေးဆိုသူက ရွာဘရွာ ဘုန်းကြီးကျောင်းမှာ ရွာဦးကျောင်းဆရာတော်ရဲ့ အကူအညီတောင်းဆိုမှုကြောင့် ကျောင်းဝေယျာဝစ္စနဲ့ ညအိပ်စောင့်ဖို့ ရောက်နေကြတဲ့ ကျေးရွာသားတွေကို လာရောက်ခြိမ်းခြောက်တာကနေ ပြဿနာတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆက်တွဲ အခင်းဖြစ်ပွားမှုတွေအတွင်းမှာ ရွာဘရွာ ပလဖတာဝန်ခံ ဦးအေးလွင် ဓားဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ရွာခံ ၃ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာပါ။

 

ဒါ့အပြင် အမှုဖြစ်စဉ်နဲ့ဆက်စပ်ပြီး ကျေးရွာ ပအဖကို ဝိုင်းဝန်းဖမ်းဆီးမှု၊ ပလဖ တာဝန်ခံကို ဒဏ်ရာရစေမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ရွာဘကျေးရွာ ဒေသခံ ၁၈ ဦးကို တစ်လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။ လက်ရှိမှာ စွပ်စွဲခံထားရသူတွေထဲက ၁၁ ယောက်မှာ အမှုကလွတ်ကင်းပြီး ရပ်ကျေး ပသုံးလုံးအဖွဲ့ရဲ့ စောင့်ကြည့်မှုအောက်မှာ နေထိုင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

 

အခုလို ဖြစ်စဉ်တွေအတွက် CJ Platform က ရွာဘကျေးရွာ ပလဖ၊ ပအဖ တာဝန်ခံအပါအဝင် မြို့နယ်ပလဖတာဝန်ခံဆီကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် လက်ရှိအချိန်အထိတော့ ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

 

ဓာတ်ပုံ – CJ

 

Related News

Depend on news