မီးလောင်လွယ်သည် “ရန်ကုန်” သတိပြု

Published on Feb 06, 2026

တိုက်ခန်းနေထိုင်မှုစနစ်သည် လူမှုဗေဒအရ ပြောရလျှင် “မတူကွဲပြားမှုများ၏ ဆုံအမှတ်” ဖြစ်သည်။ အပေါ်ထပ်တွင် စန္ဒယားတီးနေသော ကလေးငယ်ရှိသလို အောက်ထပ်တွင် ညဆိုင်းဆင်း၍ အိပ်စက်နေသော အလုပ်သမားတစ်ဦး ရှိနိုင်သည်။

 

ဘေးခန်းတွင် ဈေးသည်မိသားစုရှိနိုင်သလို မျက်နှာချင်းဆိုင်တွင် အနုပညာရှင်တစ်ဦး ရှိနေနိုင်သည်။ ဤကဲ့သို့ စရိုက်စုံ၊ ဘာသာစုံနှင့် လူမှုစီးပွားနောက်ခံ မတူသူများ စုပေါင်းနေထိုင်ရာတွင် “တိုက်ခန်းယဉ်ကျေးမှု” ဆိုသည်မှာ စာအုပ်ထဲက စည်းကမ်းချက်များထက် လက်တွေ့ကျင့်သုံးရမည့် လူမှုကျင့်ဝတ်တစ်ခု ဖြစ်လာသည်။

 

မြို့ပြနေထိုင်သူတစ်ဦးအတွက် တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှားပြီးနောက် မိမိတို့၏ “အိမ်” ကို အေးချမ်းစွာ အနားယူရာ ဧရိယာအဖြစ် မျှော်လင့်ကြသည်။ သို့သော် နံရံတစ်ခုသာခြားသော စနစ်တွင် အိမ်နီးချင်း၏ ကျယ်လောင်သော သီချင်းသံ၊ သန်းခေါင်ယံအချိန်အထိ ဆူညံစွာ စကားပြောခြင်း သို့မဟုတ် အချိန်အခါမဟုတ် တိုက်ခန်းအတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခြင်းတို့သည် အခြားသူ၏ “ကိုယ်ပိုင်လွတ်လပ်ခွင့်” (Privacy) ကို ကျူးကျော်ရာရောက်သည်။ ဤနေရာတွင် “ကိုယ်ချင်းစာတရား” သည် စည်းကမ်းထက် ပိုမိုအရေးပါသော ယဉ်ကျေးမှုဖြစ်သည်။

 

တိုက်ခန်းနေထိုင်သူတို့သည် မိမိဝယ်ယူ သို့မဟုတ် ငှားရမ်းထားသော အခန်းတွင်း ဧရိယာကိုသာ ပိုင်ဆိုင်ကြသော်လည်း လက်တွေ့တွင် အများပိုင်နေရာဖြစ်သော လှေကားခွင်များ၊ ဝရန်တာများနှင့် ခေါင်မိုးထပ်များကို အလွဲသုံးစားပြုခြင်းများ ရှိနေသည်။ လှေကားခွင်တွင် ဖိနပ်စင်များ၊ အမှိုက်ပုံးများနှင့် ပစ္စည်းဟောင်းများကို စုပုံထားခြင်းသည် လမ်းကြောင်းကျဉ်းမြောင်းစေရုံသာမက အနံ့အသက်ဆိုးများကိုပါ ဖြစ်စေသည်။

“တချို့က အခန်းကျဉ်းတယ်ဆိုပြီး ဖိနပ်စင်တင်မကဘူး၊ ဗီရိုအဟောင်းတွေ၊ အမှိုက်ပုံးတွေကိုပါ လှေကားခွင်ထဲ ထုတ်ထားကြတာ။ အမှိုက်ပုံးက အနံ့ထွက်တာတင်မကဘူး၊ အရေးပေါ် မီးကိစ္စဖြစ်ရင် ပြေးစရာလမ်းမရှိအောင် ပိတ်နေတာ။ ဝရန်တာကနေ အမှိုက်ပစ်တာမျိုး၊ ရေသွန်တာမျိုးတွေကလည်း အိမ်နီးချင်းတွေကြားထဲ အမြဲ ရန်ဖြစ်ရတဲ့ အကြောင်းရင်းတွေပေါ့” ဟု တိုက်ခန်းကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်လှလှဝင်းက သူ့ရဲ့အတွေ့အကြုံကို ပြောပြသည်။

 

တိုက်ခန်းများတွင် အန္တရာယ်အရှိဆုံးအချက်မှာ မီးဘေးဖြစ်သည်။ အခန်းတစ်ခုတွင် မီးစတင်လောင်ကျွမ်းပါက အခြားအခန်းများသို့ ကူးစက်ရန် အလွန်လွယ်ကူသည်။ လှေကားခွင်များတွင် ပစ္စည်းများစုပုံထားခြင်းသည် အရေးပေါ်အခြေအနေ၌ ထွက်ပေါက်ပိတ်ဆို့သွားစေနိုင်သဖြင့် အသက်အန္တရာယ်ကို တိုက်ရိုက်ထိခိုက်စေနိုင်သည်။

 

“တိုက်ခန်းမှာက တစ်အိမ်လောင်ရင် အကုန်ပါတာ။ အဲဒါကြောင့် လှေကားလမ်းမှာ ပစ္စည်းပုံတာဟာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ အတူတူပဲ။ ဘုရားမီး၊ လျှပ်စစ်မီးတွေကို ‘ပြီးရော’ ဆိုတဲ့ စိတ်နဲ့ မထားခဲ့ဖို့ လိုတယ်။ တိုက်ခန်းယဉ်ကျေးမှုမှာ မီးဘေးသတိရှိတာဟာ အိမ်နီးချင်းကို ချစ်ရာရောက်သလို ကိုယ့်အသက်ကိုလည်း ကာကွယ်တာပါ”ဟု အငြိမ်းစား မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်ကျော်က အကြံပြုသည်။

လူဦးရေထူထပ်သည့် ရန်ကုန်မြို့ပြ တိုက်ခန်းနေထိုင်မှုစနစ်တွင် လက်ရှိ ဖြစ်ပေါ်နေတဲ့ မိုးလေဝသ အခြေအနေတွေကလည်း မီးဘေးအန္တရာယ်ကို မြင့်တက်လာစေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေသည်။

 

ရန်ကုန်မြို့ရဲ့ မီးဘေးအန္တရာယ်အညွှန်းကိန်း (Fire Index) အချက်အလက်တွေအရ ၁၀ ရက်အတွင်းမှာ ၆ ရက်ခန့်က “Very High” ဟုခေါ်သည့် အလွန်မြင့်မားတဲ့ အဆင့်မှာ ရှိနေပြီး ၄ ရက်ခန့်မှာ “High” လို့ခေါ်တဲ့ မြင့်မားတဲ့ အဆင့်မှာရှိနေသည်။

 

မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်ရှိ ပစ္စည်းဟောင်း၊ ကတ်ထူဖာ၊ သစ်သား၊ အမှိုက် စသည့် လောင်စာများ၏ အစိုဓာတ်သည် ရန်ကုန်မြို့တွင် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိသာ ရှိတော့သည်။ ယင်းအခြေအနေသည်  မီးပွားလေးတစ်ခု ထိရုံနဲ့တင် အလွယ်တကူ လောင်ကျွမ်းသွားနိုင်တဲ့ အခြေအနေ ဖြစ်သည်။

 

အထူးသဖြင့် မွန်းလွဲပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆကလည်း ၂၀ ရာခိုင်နှုန်းအထိကို ထိုးဆင်းသွားတာကြောင့် လေထုက အလွန်ခြောက်သွေ့နေသည်။

 

ဒါ့အပြင် လေတိုက်နှုန်းမှာလည်း ပုံမှန် ၄ မိုင်ကနေ ၅ မိုင်ခန့်ရှိပေမယ့် လေပြင်းတိုက်ခတ်နိုင်ခြေက တစ်နာရီ ၁၅ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ခြင်းကြောင့် တိုက်ခန်းတစ်ခုမှာ မီးစတင်လောင်သည်နှင့် လေအရှိန်ကြောင့် ဘေးပတ်ဝန်းကျင် အခန်းများကို ထိန်းချုပ်ရခက်ခဲအောင် အချိန်တိုအတွင်း ကူးစက်ပြန့်နှံ့သွားနိုင်သည်။

 

ရန်ကုန်မြို့၏ နေ့အပူချိန်တွေကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ လက်ရှိအချိန်အထိ ၃၀ ဒီဂရီကနေ ၃၄ ဒီဂရီဆဲလ်စီးယပ်ကြားမှာ ရှိနေသည့်အတွက် အပူချိန်မြင့်တက်နေသည်ဟု ဆိုနိုင်သည်။

 

အပူချိန် ၃၄ ဒီဂရီကနေ ၃၈ ဒီဂရီလောက်အထိကို အပူချိန်ခံစားရနိုင်ခြင်းကြောင့် တိုက်ခန်းများအတွင်း ပန်ကာနှင့် အဲကွန်းများကို အရှိန်အဟုန်နှင့် ကြာရှည်အသုံးပြုရာကနေ စက်များအပူလွန်ကဲပြီး ဝါယာရှော့ဖြစ်နိုင်ခြေ ပိုများနိုင်တာကိုလည်း သတိပြုဖို့ လိုသည်။ တိုက်ခန်းဟောင်းများရှိ ဟောင်းနွမ်းနေသည် ဝါယာကြိုးများသည့် လက်ရှိ မြင့်တက်လာသည့် အပူဒဏ်ကို ကျော်လွှားနိုင်သည်အထိ ကြံ့ခိုင်မှုမရှိပါက  မီးစတင်လောင်ကျွမ်းဖို့ အကြောင်းရင်းတစ်ခု ဖြစ်လာနိုင်သည်။

ထို့ကြောင့် အခုလို လေထုခြောက်သွေ့ပြီး အပူချိန်မြင့်နေတဲ့ ကာလတွင် လျှပ်စစ်ပစ္စည်းများကို စနစ်တကျ စစ်ဆေးခြင်း၊ အသုံးမပြုတဲ့အချိန်တွင် ပလပ်ဖြုတ်ထားခြင်း၊ မီးကြွင်းမီးကျန်များကို သေချာစွာ ငြှိမ်းသတ်ခြင်းဖြင့် မိမိအသက်နှင့် အိမ်နီးချင်းတွေရဲ့ ဘဝကိုပါ ကာကွယ်ပေးရာရောက်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရသည်။