ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲတွေ စတင်ရိတ်သိမ်းနေ၊ ပဲလှိုင်ချိန် စျေးမကျဖို့ တောင်သူတွေ ဆုတောင်း
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ ဆောင်းသီးနှံမတ်ပဲများ စတင်ရိတ်သိမ်းနေပြီး တစ်တင်းလျှင် ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ဈေးပေါက်နေရာ ပဲလှိုင်လှိုင်ပေါ်ထွက်ချိန် ဈေးကျမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက နတ်တလင်း၊ ဇီးကုန်း၊ ပေါင်းတည်နဲ့ လက်ပံတန်းစတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းပိုင်းက ယာခင်းနဲ့ ကုန်းမြင့်လယ်တွေမှာ စိုက်ပျိုးခဲ့တဲ့ မတ်ပဲတွေကို စတင်ရိတ်သိမ်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ပဲဦး (အစောဆုံးစိုက်ပျိုး) တွေ ပေါ်တာပါ။ ပိဿာ ၂၀ တစ်တင်းကို တစ်သိန်းနီးပါး ဈေးပေါက်နေတယ်။ ပဲတွေလှိုင်လာရင် ဈေးပြန်မကျဖို့ပဲ အရေးကြီးတယ်။ တစ်ဖြည်းဖြည်းနဲ့ ပဲသိမ်းတဲ့သူတွေ များလာပြီ။ ပဲပင်တွေလည်း ကျ (အရွက်များခြောက်လာ) လာပြီ။ အခုမှ စပြီး ရိတ်သိမ်းရတော့ ထွက်နှုန်းတော့ မသိရသေးဘူး” လို့ နတ်တလင်းမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။
အခုနှစ်တွင် မတ်ပဲတွေ အပင်ငယ်စဉ်ကစလို့ အသေအပြောက်များသလို ရောဂါကျရောက်မှုလည်း များတဲ့အတွက် ထွက်နှုန်းထိခိုက်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာ မတ်ပဲ တစ်ဧကလျှင် ပျမ်းမျှ ၁၀ တင်းကနေ တင်း ၂၀ ခန့်ထိထွက်ပြီး ၁၀ တင်းအောက် ကျဆင်းရင် အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
လက်ပံတန်းမြို့နယ်၊ ကိုင်းတောစုအုပ်စုမှာနေတဲ့ တောင်သူတစ်ဦးကလည်း “ဒီနှစ်က နောက်မိုးအရမ်းဆွဲတော့ မြေအစိုဓာတ်များပြီး အပင်ပေါက်တွေ သေကြတယ်။ ကြွက်လည်း အရမ်းပေါပြီး ကြွက်တွေလည်း ကိုက်တယ်။ တချို့ဆို လက်လွှတ်လိုက်ရတာတွေ ရှိတယ်။ ပဲဈေးငြိမ်နေရင်ပဲ အခုဈေးနဲ့ဆို မရှုံးနိုင်ဘူး” လို့ ပြောပါတယ်။
ယခုနှစ် မတ်ပဲစိုက်ရာသီတွင် စတင်စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းခြွေလှေ့ပြီးတဲ့အထိ မျိုးစေ့၊ ထွန်ယက်ခြွေလှေ့ခ၊ အပင်အားဆေးနဲ့ အထွေထွေစရိတ်များအပါအဝင် ကျပ် ၈ သိန်းဝန်းကျင်ခန့် ကုန်ကျတယ်လို့ ဇီးကုန်းမြို့ခံ မတ်ပဲစိုက်တောင်သူတစ်ဦးဆီက သိရပါတယ်။
ပုံစာ – မတ်ပဲရိတ်သိမ်းမှုမြင်ကွင်း (ပုံဟောင်း)။
