ဖားကန့်မှာ ဥရုချောင်းထဲ စွန့်ပစ်ရည်တွေ သွန်ချခဲ့သူ အင်ဂျင်ဝိုင်ချက်စက်ရုံပိုင်ရှင်နဲ့ အစောင့်ကို KIA ဖမ်းဆီး

Author CJ Platform
Categories
Published on Feb 06, 2026

ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်းမှာ တစ်မြို့နယ်လုံးနီးပါး ပျံ့နှံ့ခဲ့တဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပြီး ဒီနေ့မနက်မှာတော့ KIA တာဝန်ရှိသူတွေက အနံ့ဆိုးထွက်ခဲ့တဲ့ အင်ဂျင်ဝိုင်ချက်စက်ရုံပိုင်ရှင်နဲ့ အစောင့် ၂ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဖားကန့်မြို့နယ်အတွင်း အနံ့ဆိုးတွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပြီးနောက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ အင်ဂျင်ဝိုင်ချက်စက်ရုံက စွန့်ပစ်ပစ္စည်းတွေ ဥရုချောင်းထဲ သွန်ခဲ့တာကြောင့် ဖြစ်တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

“ဒီနေ့မနက်မှာ ရွာဟောင်းက အင်ဂျင်ဝိုင်ချက်ရုံပိုင်ရှင်နဲ့ အစောင့်ပေါ့နော်၊ သူတို့နှစ်ယောက်ကို KIA က ဖမ်းဆီးလိုက်တယ်ပေါ့နော်။ ဖမ်းဆီး အရေးယူမယ်ပေါ့။ ဘယ်လို အရေးယူသွားမလဲဆိုတာတော့ ကျွန်တော်တို့ မသိရသေးဘူးပေါ့နော်။ လက်ရှိတော့ ဖမ်းဆီးလိုက်တဲ့ အနေအထားကတော့ ဟုတ်တယ်” လို့ ဖားကန့်ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ရေးအခြေအနေ တင်းမာနေတဲ့ ဖားကန့်မြို့နယ်အတွင်း စစ်အုပ်စုရဲ့ ဗျူဟာကုန်းကနေ ဆိပ်မူဘက်ကို မနေ့က ညနေပိုင်းမှာ ဒရုန်း ၃ စင်း ဝဲသွားပြီးနောက် အနံ့ဆိုးတွေ ထွက်လာကာ ဒေသခံတွေ ကျန်းမာရေးထိခိုက်တဲ့အထိ ခံစားခဲ့ရပါတယ်။

 

ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေကြား အင်ဂျင်ဝိုင်ချက်စက်ရုံက စွန့်ပစ်ပစ္စည်းကြောင့်လား၊ စစ်အုပ်စုဘက်က အဆိပ်ငွေ့သုံးတာလားဆိုတဲ့ သံသယတွေနဲ့ ဖားကန့်မြို့နယ်အတွင်း ရှုပ်ထွေးမှုတွေ ဖြစ်ပွားခဲ့တာလို့လည်း အဆိုပါဒေသခံက ဆက်ပြောပါတယ်။

 

ဖားကန့်မြို့နယ်အတွင်း မနေ့ည ၁၁ နာရီဝန်းကျင်ခန့်အထိ ဖြစ်ပေါ်ခဲ့တဲ့ အဆိပ်သင့် အနံ့ဆိုးဟာ ဆိပ်မူ၊ မရှီကထောင်ရပ်ကွက်တွေအပြင် ဖားကန့်မြို့ပေါ်နဲ့ ၁၀ မိုင်ခန့်အကွာက လုံးခင်းအုပ်စုအထိ ပျံ့နှံ့သွားခဲ့တာဖြစ်ပြီး ဆိုင်းတောင်ဘက်မှာတော့ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။

 

ဒီအဆိပ်သင့်အနံ့ဆိုးကြောင့် ဆိုင်းတောင်ဒေသခံအချို့ မူးဝေပြီး အော့အန်တဲ့အထိ ဖြစ်ခဲ့ရသလို အချို့မှာ အော့အန်ရင်း သွေးပါတဲ့ အနေအထားအထိ ဖြစ်ခဲ့ရပြီး အဆိပ်ငွေ့ပျံ့နှံ့နေချိန်အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မရှီကထောင်ရပ်ကွက်က သစ်စက်ပိုင်ရှင်အမျိုးသမီး ဦးခေါင်းထိမှန်ခဲ့ပြီး ဖျားချောင်းက အသင်းအုပ်ဆရာရဲ့သမီး နံရိုးထိမှန်ခဲ့တယ်လို့ သိရပါတယ်။

 

“စစ်အုပ်စုရဲ့ ဒရုန်းက ဥရုချောင်းဘက်ကို ပျံသွားပြီးနောက်ပိုင်းမှာ အနံ့ဆိုးတွေ ထွက်လာတာပါ။ အဲဒါကြောင့် စစ်အုပ်စုက အဆိပ်ငွေ့တွေ ချောင်းထဲချလို့ ဖြစ်တယ်ဆိုပြီး ပြောနေကြတာတွေ ရှိတော့ အဆိပ်ငွေ့ကာကွယ်နိုင်ဖို့ အိမ်တံခါးမှာ ရေစိုအဝတ်တွေကာဖို့၊ Mask ကို ၃ ထပ်လောက် တပ်ကြဖို့ ဆော်ဩခဲ့ကြရတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖားကန့်ဒေသတွင်းမှာ အဆိပ်ငွေ့အန္တရာယ် ကာကွယ်နိုင်ဖို့အတွက် ကလေးငယ်တွေကို ရေစိုအဝတ်တွေနဲ့ မျက်နှာအုပ်ပေးထားဖို့နဲ့ ရေစိုအဝတ်တွေကို အိမ်တံခါးတွေမှာ ကာထားကြဖို့လည်း အချင်းချင်း သတိပေးနှိုးဆော်မှုတွေ ရှိနေပါတယ်။

 

လက်ရှိမှာတော့ ဖားကန့်ဒေသအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်အုပ်စုဘက်က ကျောက်စိမ်းတောင်တံတားကို ပိတ်ထားသလို တိုက်ပွဲတွေလည်း ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေဟာ အနံ့ဆိုးအန္တရာယ်နဲ့ တိုက်ပွဲအန္တရာယ်ကြားမှာ စိုးရိမ်ပူပန်နေကြရပါတယ်။

 

ဒါ့အပြင် မနေ့ညက ၁၁ နာရီဝန်းကျင်မှာ အနံ့ဆိုးတွေ ပျောက်ကွယ်သွားပေမယ့် နေပူလာရင် အနံ့တွေ ပြန်လည်ပျံ့နှံ့လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 

ဓာတ်ပုံ – Tarlin Mg