အဓိပတိလမ်းမထက် ခွေးတက်
ချာချာစိန်တစ်ယောက် လှည်းတန်းမှာ မုန့်တီဝင်သောက်ပြီးနောက် ဗိုက်နာလာသည်။ လက်ထဲမှာက ခြူးတစ်ပြားမှ မရှိတော့ အများသုံး အိမ်သာကိုလည်း မဝင်နိုင် ဘယ်နားဖရီး ပါရမလဲ စဉ်းစားတော့ ရန်ကုန်တက္ကသိုလ်ကြီးသာ ပြေးမြင်မိ။ ကျောင်းအိမ်မှာဆို ဖရီးပါနိုင်တယ်မလား။
ရခိုင်မုန့်တီတန်ခိုးကလဲ ကြီးတော့ တော်တော်နဲ့ မပြီး အိမ်သာနံရံက ရှေးအဆိုအမိန့်တွေကို ချာချာစိန် လိုက်ဖတ်ရင်း အချိန်ဖြုန်းရတာပေါ့။
တွေ့လိုက်ပြီ နံရံထက်က အဆိုအမိန့်ကြီး ရန်ကုန်တက္ကသိုလ်ထဲ အယ်အယ်ဘီဆိုတာကြီးကို တစ်ခါက လာတက်ဖူးသူ တစ်ယောက် ရေးထားတဲ့ စာ။ “မမှီတဲ့ပန်း တုံးခုလို့ နမ်းချင်တယ် ကြူ”တဲ့။
ဒီလောက်ကောင်းတဲ့ အဆိုအမိန့်ကြီးကို ရေးသွားသူက ဘယ်သူလဲပေါ့ ချာချာစိန်တစ်ယောက် ရန်ကုန်တက္ကသိုလ်မော်ကွန်းတိုက်ကနေ ပန်းဆိုးတန်း တံတားအောက်ထိ လိုက်ရှာတော့ တွေ့ရပြီပေါ့ မအလ။
ရန်ကုန်တက္ကသိုလ်က ဘာဘာညာညာ ပြင်ညာရှင်တွေကို ချာချာစိန်တစ်ယောက် ဆင့်ခေါ်ပြီး ကျောင်းအိမ်သာထက်က အဆိုအမိန့်ကြီးကို ရေးသားခဲ့သူကို ဂုဏ်ထူးဆောင်ပေးဖို့ ကြံသည်။ အားလုံး လက်မခံ။ ချာချာစိန်တစ်ယောက် မိတ္တူဆိုင်ကနေ ဝင်ဝယ်လာတဲ့ A4 စာရွက်တစ်ခုကို အများမြင်အောင် ထောင်ပြလိုက်တော့မှ အကုန်လုံး အသံတိတ်။
A4 ပေါ်မှာ ရေးထားတာက “သတိ ခွေးကိုက်တတ်သည်”တဲ့။
ဒါနဲ့ အဆိုမိန့်ရှင်ကြီးကို ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကြီး ပေးမယ်လို့ အားလုံး ဆုံးဖြတ်လိုက်ကြတယ်။
ဒီလိုနဲ့ “မမှီတဲ့ပန်း တုံးခုလို့ နမ်းချင်တယ် ကြူ”လို့ သီအိုရီအသစ်ကို ဖော်ထုတ်ခဲ့သူကြီး ပါရာကူဘွဲ့ရပြန်ရော။
