မိုးကုတ်မြို့ ဘော့လုံးကြီးရွာအနီးမှာ ခြေကုပ်ယူနေတဲ့ စစ်အုပ်စုတပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ သိမ်းယူ

Author CJ Platform
Categories
Published on Dec 06, 2025

မန္တလေးတိုင်း မိုးကုတ်မြို့အနီးက စစ်အုပ်စုအတွက် အရေးပါတဲ့ စခန်းကုန်းတစ်ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

NUG MOD လက်အောက်ခံ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူခဲ့တဲ့နေရာဟာ မိုးကုတ်အနောက်ပိုင်း ဘော့လုံးကြီးရွာအနီးမှာရှိတဲ့ စစ်အုပ်စုတပ်စခန်းတစ်ခုဖြစ်တယ်လို့လည်း မိုးကုတ်ဒေသခံတစ်ဦးက CJ Platform ကို အတည်ပြုပြောပါတယ်။

 

“စစ်အုပ်စုက မိုးကုတ်အနောက်ဘက်ကနေ ဝင်လာနေတာ။ အဲမှာ မိုးကုတ်မြို့ပေါ် မရောက်ခင် ဘော့လုံးကြီး၊ ဘော့လုံးရွာဘက်နားမှာ ဒေါ်နန်းကြည်တောင်၊ ပင့်ကူတောင်၊ တောင်မဲတောင်တို့ ရှိတယ်။ အဲဒီဒေသဟာ အမြင့်ဆုံးတောင်တွေပါ။ သူတို့က အဲမှာ ခြေကုပ်ယူဖို့ လုပ်နေချိန် PDF တွေက တိုက်ခိုက်ခဲ့တာ” လို့ မိုးကုတ်ဒေသခံက ပြောပါတယ်။

 

မိုးကုတ်မြို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုအခြေအနေ၊ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို NUG MOD ဘက်က သီးခြား ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

 

တအာင်းတပ်မတော် (TNLA) ဆုတ်ခွာသွားတဲ့ မိုးကုတ်မြို့ကို စစ်အုပ်စုတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈၊ ၂၉ ရက်မှာ ဝင်ရောက်လာပြီးနောက် NUG MOD ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၆ ရက်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်မြေပြင်တပ်ရင်း တာဝန်ရှိသူတွေထံက သိရပါတယ်။

 

တရုတ်အစိုးရရဲ့ ဖိအားပေးမှုတွေအပါအဝင် ကြားဝင်ညှိနှိုင်းမှုတွေအရ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကို TNLA က စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY PDF) အပါအဝင် မိုးကုတ်ဗျူဟာနဲ့ မဟာမိတ်တပ်ဖွဲ့တွေက မိုးကုတ်မြို့ကို အစွမ်းကုန် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားကြပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

ပုံစာ – မိုးကုတ်မြို့ အနောက်ပိုင်းရှိ ပင့်ကူတောင်ကို မြင်ရပုံ

 

Related News

Depend on news