လက်နက်လုယူပြီး ပြန်လည်ပစ်ခတ်ဖို့ ကြိုးစားတဲ့ ပုလောမြို့နယ် တစညပါတီ ဥက္ကဋ္ဌ အပစ်ခံရ
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လုပ်ဆောင်နေသူ ပုလောမြို့နယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌ ဦးကြည်သန်းကို မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းက ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားစဉ် လက်နက်လုယူပြီး ပြန်လည်ပစ်ခတ်ဖို့ ကြိုးစားတဲ့အတွက် ရှင်းလင်းခဲ့ရတယ်လို့ မြိတ်ခရိုင် အမှတ်(၁) တပ်ရင်းဆီက သိရပါတယ်။
ပုလောမြို့နယ် ကျောက္ကာကျေးရွာနေ၊ တစညပါတီ ဥက္ကဋ္ဌ ဦးကြည်သန်းနဲ့ ကျောက္ကာရွာ အုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူရဲ့ လက်ထောက်ဖြစ်သူ မချိုတို့ကို ဖမ်းဆီးအရေးယူစဉ် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
“စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲကို ပါဝင်ပတ်သက်သူတွေကို အရေးယူဆောင်ရွက်တာ ပထမဆုံးအကြိမ်ပါဗျ” လို့ မြိတ်ခရိုင် တပ်ရင်း-၁ က တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
မြိတ်ခရိုင် တပ်ရင်း (၁) အနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲကို ပါဝင်ပတ်သက်ခြင်း မပြုဖို့ သတိပေးတဲ့ ကြေညာချက်ကို နိုဝင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ရွေးကောက်ပွဲကို လူပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများအနေဖြင့် တစ်ဦးခြင်းဖြစ်စေ အဖွဲ့အစည်းအနေနဲ့ဖြစ်စေ မဲဆွယ်စည်းရုံးတာ၊ အတင်းအကျပ် ဆန္ဒမဲပေးဖို့ ခြိမ်းခြောက်တာ၊ အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် မည်သည့်အစိုးရ (သို့) မည်သည့် ယန္တရားကိုမျှ ပါဝင်ပတ်သက်တာတွေ မပြုဖို့ သတိပေးထားပါတယ်။
အဲဒီလို ကြေညာပြီးနောက် တစ်လခန့်အကြာမှာ အခုလို ပထမဦးဆုံး အရေးယူတဲ့ အခြေအနေကို သတင်းထုတ်ပြန်အသိပေးလာတာ ဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတွက် စနစ်တကျ အကောင်ထည်ဖော်ကူညီနေသူဖြစ်တဲ့ မြို့နယ် တစညပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးကြည်သန်း (အသက် ၆၄) ကို မနေ့က ဒီဇင်ဘာ ၅ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းဖို့ ကြိုးစားစဉ် လက်နက်လုယူပြန်လည်ပစ်ခတ်ဖို့ ကြိုးစားလာတဲ့အတွက် ခုခံကာကွယ်တဲ့အနေနဲ့ မြိတ်ခရိုင် တပ်ရင်း (၁) ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲလုပ်ငန်းတွေကို ထောက်ပံ့ကူညီနေတဲ့ ကျောက္ကာကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်ပင့်ယော့ (ခ) ဒေါ်စန်းစန်းမူရဲ့ လက်ထောက်ဖြစ်သူ မချို ကိုလည်း တစ်နေ့တည်းမှာပင် ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတွက် တိုင်းနဲ့ပြည်နယ်အသီးသီးက ဒေသခံပြည်သူတွေ နဲ့ သပိတ်ကော်မတီတွေက ထောက်ခံခြင်း မပြုဖို့ ဆန္ဒပြ တိုက်တွန်းတာတွေ ရှိနေပါတယ်။
အလားတူ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တရားမဝင် ရွေးကောက်ပွဲကို ဝင်ရောက်အားပေးကူညီ ပြုလုပ်သူတွေကို စောင့်ကြပ်ကြည့်ရှုပြီး အရေးယူသွားမည်ကိုလည်း အသီးသီး ထုတ်ပြန်ချက်တွေလည်း ရှိနေသလို အရေးယူဖမ်းဆီးတာတွေလည်း ဖြစ်ပွားနေခဲ့ပါတယ်။
NUG အနေနဲ့လည်း စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်ခြင်း မပြုကြဖို့ ဩဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်ထားသလို့ ပြည်ထဲရေးနဲ့ လူမှုကြီးကြပ်ရေး ဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၆ ရက်နေ့က ရွေးကောက်ပွဲအတွက် အတင်းအကျပ် မဲပေးခိုင်းသူတွေကို တိုင်ကြားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်အုပ်စုရွေးကောက်ပွဲလုပ်ငန်းတွေကို ပါဝင်နေတဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးသက်ဝေကို ပြည်သူတွေ့ ရဲ့ သတင်းပေးပို့ချက်အရ ဖမ်းဆီးထားသလို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် အညီ အရေးယူ အပြစ်ပေးနိုင်ရေး စလင်းမြို့နယ် တရားရေးအဖွဲ့က တရားရေး လုပ်ထုံးလုပ်နည်းအတိုင်း စီစဉ် ဆောင်ရွက်လျက်ရှိတယ်လို့ NUG၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန က နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာလည်း ပခုက္ကူမြို့နယ်၊ ကျားဖြူပါတီရဲ့ မြို့နယ် ဥက္ကဋ္ဌဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးဝေလင်းထက်ကို နေအိမ်မှာပင် ဆိုင်ကယ် နှစ်စီးဖြင့်လာတဲ့ PDF သုံးဦးက ဖမ်းဆီးသွားတယ်လို့ စစ်အုပ်စုရဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း
ပုံစာ – မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တပ်ဖွဲ့ဝင်များကို မြင်ရပုံ (ပုံဟောင်း)
