KNU က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မင်းလက်ပံအနီး ကျားဖြန့်နေရာကို စစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် နယ်စပ်လုံခြုံရေး အလွန်စိုးရိမ်ရ
ကရင်ပြည် မြဝတီမြို့ တောင်ဘက် မင်းလက်ပံရွာအနီးက အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဝင်း ရွှန်ဒါပက်ခ် (Shunda Park) နေရာကို စစ်အုပ်စုက ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ထိုင်း–မြန်မာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အလွန် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပေါ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ဒီဇင်ဘာ ၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

KNU လက်အောက်ခံ အွန်လိုင်းငွေကြေးလိမ်လည်မှု တားဆီးနှိမ်နင်းရေးအဖွဲ့ (Anti-Scam Intervention) က ရွှန်ဒါပက်ခ် ဝင်းထဲမှာရှိတဲ့ ကျားဖြန့် လုပ်ကိုင်သူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို သက်သေခံပစ္စည်းတွေကို သိမ်းဆည်းထားချိန် စစ်အုပ်စု တပ်မ ၂၂ လက်အောက်ခံ တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ မနက်ပိုင်းမှာလည်း စစ်အုပ်စု တပ်မ ၂၂ လက်အောက်ခံ တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွှန်ဒါပက်ခ် ဝင်းအတွင်း ၆၀ မမ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဝင်းအတွင်းမှာရှိသူတွေနဲ့ မင်းလက်ပံရွာ ဝန်းကျင်မှာရှိသူတွေ ရဲ့ လုံခြုံရေး အလွန် စိုးရိမ်ရတဲ့အခြေအနေ ဖြစ်ပေါ်နေတယ်လို့ KNU က ဆိုပါတယ်။

ဒါကြောင့် ထိုင်း–မြန်မာနယ်စပ်မှာရှိနေတဲ့ ဒေသခံပြည်သူတွေနဲ့ ရွှန်ဒါပက်ခ် ဝင်းအတွင်းမှာရှိနေသူတွေ ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်ဖို့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) အနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ ဆက်လက် လုပ်ဆောင်သွားနိုင်ဖို့ အာဏာအပ်နှင်းလိုက်တယ်လို့ KNU က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ KNLA အဖွဲ့ထံ လက်ရှိအခြေအနေတွေကို ထိန်းသိမ်းဖို့ အာဏာ လွှဲအပ်တာနဲ့ပတ်သက်ပြီး နောက်ပိုင်း ထိန်းသိမ်းမယ့်အခြေအနေတွေကို သိရှိနိုင်ဖို့ KNU သတင်းပြန်ကြားရေးတာဝန်ခံတွေကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ရွှန်ဒါပက်ခ် ကျားဖြန့်ဂိုဏ်းကို KNU က ဝင်ရောက်နှိမ်နင်းခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တဲ့ နိုင်ငံခြားသား ၃၅၈၂ ဦးထဲက ၂၄၆၀ ဦးကို ထိုင်းနိုင်ငံကနေ တဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးခဲ့ပြီး ကျန် ၂၀၀ ကျော်ဟာလည်း သောင်းရင်း မြစ်ကမ်းနံဘေးမှာ စောင့်ဆိုင်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ကျန်ရှိနေသေးတဲ့ ကျားဖြန့် သံသယရှိသူတွေကို ဖမ်းဆီးနိုင်ဖို့ KNU က နိုင်ငံတကာကို အကူအညီ တောင်းခံထားပေမဲ့ အကူအညီတွေ နှောင့်နှေးနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကနေ အခု ဒီဇင်ဘာလ ဆန်းပိုင်းအတွင်း မင်းလက်ပံရွာအနီး ထိုင်း–မြန်မာနယ်စပ်တလျှောက်မှာ စစ်အုပ်စုနဲ့ KNLA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာကြောင့် လက်နက်ကြီးပစ်ခတ်မှုတွေ နှစ်ဖက် အပြန်အလှန် လုပ်ဆောင်နေသလို စစ်အုပ်စုကလည်း နယ်စပ်အနီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
နှစ်ဖက်တိုက်ပွဲ၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ စစ်အုပ်စု လေကြောင်းဗုံးကြဲမှုတွေကြောင့် မြန်မာနယ်စပ်အနီး ဒေသခံ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို ထိုင်းနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ် နယ်စပ်အနီးမှာရှိတဲ့ ထိုင်း ဒေသခံ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အခု ဒီဇင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့ထဲမှာလည်း နှစ်ဖက်တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ ကျည် ထိမှန်ပြီး နယ်စပ်အနီး ကျေးရွာမှာနေထိုင်တဲ့ ထိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့သလို လက်နက်ကြီးကျည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းအမျိုးသားတစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ထိုင်း–မြန်မာနယ်စပ်အနီး စစ်အုပ်စုနဲ့ KNLA တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် တာ့ခ်ခရိုင်အတွင်း မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ကုန်စည်စီးဆင်းရာ အဓိက နယ်စပ်ဂိတ် ၅ ခုအပါအဝင် အခြား လှေဆိပ်နဲ့ ဂိတ်တွေကိုလည်း ထိုင်းအစိုးရဘက်က ဒီနေ့ ဒီဇင်ဘာ ၆ ရက်အထိ ပိတ်ထားပါတယ်။
ဒါ့အပြင် မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ ထိုင်းဘက်ခြမ်း ကျရောက်မှုတွေကြောင့် ထိုင်းစစ်တပ်ကလည်း သတိပေး ပစ်ခတ်မှုတွေ ပြန်လည် လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။
ဓာတ်ပုံ – KNU
