မြန်မာနိုင်ငံတဝန်းက ကလေးငယ် သုံးပုံတစ်ပုံကျော်အတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေ
အာဏာသိမ်းကာလ ၅ နှစ်နီးပါးကြာမြင့်လာချိန်မှာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကလေးငယ်ဦးရေ ၆ဒဿမ၉ သန်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်လျက်ရှိနေတယ်လို့ UNICEF Myanmar ရဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း အစီရင်ခံစာအရ သိရပါတယ်။
မြန်မာနိုင်ငံက ကလေးငယ်တွေအတွက် ၂၀၂၅ ခုနှစ်ဟာ အထူးဆိုးရွားထိခိုက်စေတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝန်းက ကလေး စုစုပေါင်း သုံးပုံတစ်ပုံကျော်ဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာအပြင်းထန်ဆုံး၊ အရှုပ်ထွေးဆုံးနဲ့ ကာလအရှည်ကြာဆုံး ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေထဲက တစ်ခုရဲ့ အဆိုးရွားဆုံး သက်ရောက်မှုတွေကို ကလေးငယ်တွေ ဆက်လက်ခံစားနေရတယ်လို့ UNICEF Myanmar ဆိုပါတယ်။
ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေကို စွန့်ခွာခဲ့ရတဲ့ လူဦးရေ ၃ဒဿမ၆ သန်းနီးပါးထဲမှာ ကလေးသူငယ်တွေ သုံးပုံတစ်ပုံကျော်ပါတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကလေးငယ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ယူခွင့်ရရှိဖို့ အလွန်အကန့်အသတ် ရှိလာခဲ့ပြီး ကလေးငယ် ၁ သန်းနီးပါးဟာ အခြေခံကာကွယ်ဆေးထိုးနှံခွင့် မရရှိကြဘဲ ၄ဒဿမ ၇ သန်းမှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
ပုံစာ – ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင် ကလေးငယ်များကို မြင်ရပုံ
