ငလျင်လှုပ်ပြီးနောက် စစ်ကိုင်းမြို့မှာ မြွေကြီးတွေ မကြာခဏ တွေ့ရှိလာ

Author CJ Platform
Categories
Published on Oct 06, 2025

အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်းမြို့၊ ရပ်ကွက်တချို့ရဲ့ လူနေအိမ်တချို့မှာ မြွေကြီးအမျိုးအစားဝင် စပါးအုံးမြွေ (Burmese Python) မြွေကြီးတွေကို မကြာခဏ တွေ့လာရတယ်လို့ မြို့နေဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

အခုလို မြွေကြီးတွေကို ယခင်ကတည်းက တောထူထပ်တဲ့ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးတစ်လျှောက် ကျင်လည်ကျက်စားတာကိုသာ အများဆုံးတွေ့ရပြီး တောင်ရိုးနဲ့ နီးစပ်ရာ ရပ်ကွက်အတွင်းက လူနေအိမ်တွေမှာ ဝင်ရောက်လာတာကိုတော့ ရံဖန်ရံခါ တွေ့ရတတ်တယ်လို့ သိရပါတယ်။

“ငလျင်ပြီးနောက်မှာ အများဆုံး တွေ့လာရတာပါ။ အခုနောက်ပိုင်း အမြဲလိုလို တွေ့နေရတယ်” လို့ စစ်ကိုင်းမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နဲ့ ၄ ရက်နေ့ ညပိုင်းအချိန်တွေမှာ စစ်ကိုင်းမြို့၊ ဇေယျာတိုးချဲ့ရပ်ကွက်မှာ စပါးအုံးမြွေတစ်ကောင်နဲ့ မင်းစံရပ်ကွက်ထဲမှာ စပါးကြီးမြွေတစ်ကောင် တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းမြို့ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုဆီက သိရပါတယ်။

 

“အန္တရာယ်တော့ မရှိပါဘူး။ တွေ့ရတာက စပါးကြီးမြွေရယ်၊ စပါးအုံးမြွေကတော့ တွေ့တာများတာပါ။ လစဉ်ဆို ၁၀ ကြိမ်၊ ၁၅ ကြိမ် အနည်းဆုံး ဖမ်းပြီး တောင်ဖီလာဘေးမဲ့တောထဲ သွားလွှတ်ပေးတာ” လို့ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် ဒေသခံတွေရဲ့ အဆိုအရ ခုလို မကြာခဏတွေ့ရတာဟာ ငလျင်လှုပ်ခဲ့တာကြောင့် တုန်ခါမှုတွေ ထွက်ပေါ်လာတာ၊ ရေကြီးရေလျှံတာတွေကြောင့် မျောပါလာတာဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။

 

ဒါ့အပြင် လူနေမှုထူထပ်လာတာကြောင့် သစ်တောခုတ်ထွင်ရှင်းလင်းတာ၊ နေအိမ်တွေ ချဲ့ထွင်လာတာကြောင့် သစ်တောပြုန်းတီးပြီး ကျင်လည်ကျက်စားရာနေရာတွေမှာ အဆင်မပြေမှုတွေကြောင့် အေးချမ်းရာ၊ အစားအစာ အဆင်ပြေရာ ရောက်လာတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

စပါးအုံးမြွေတွေဟာ အရှေ့တောင်အာရှနဲ့ အာရှမှာ အများဆုံးတွေ့ရပါတယ်။ ကမ္ဘာ့အကြီးဆုံး မြွေတွေထဲမှာ ပါဝင်ပြီး အဆိပ်မရှိတဲ့ မြွေအမျိုးအစားဖြစ်ပေမယ့် ချွန်ထက်တဲ့ သွားတွေ ရှိတာကြောင့် အကိုက်ခံရပါက နာကျင်နိုင်ပါတယ်။

 

ဓာတ်ပုံ – CJ