စောချစ်သူနဲ့ သားနှစ်ဦးတို့ကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံက ကရင်အမျိုးသားတပ်မတော် (KNA) (ယခင် BGF) အဖွဲ့ရဲ့ ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်တို့ကို ကန် နိုင်ငံသားတွေကို ထိခိုက်နစ်နာစေခဲ့တဲ့ အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာတွေအတွက် ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ ယမန်နေ့ မေလ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
အခုလို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး စောချစ်သူနဲ့ သူ့ရဲ့ အဖွဲ့ဟာ ထိုင်း- မြန်မာ နယ်စပ်မှာ အွန်လိုင်းလိမ်လည်လှည့်ဖျားတဲ့ လုပ်ငန်းတွေကို အကာအကွယ် ပေးထားပြီး အကျိုးအမြတ်တွေ ရယူနေတာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
စောချစ်သူ ဦးဆောင်တဲ့ KNA ဟာ ထိုင်း- မြန်မာနယ်စပ်က ရွှေကုက္ကို ဒေသမှာ အွန်လိုင်းလိမ်လည်တဲ့ စင်တာတွေကို လုပ်ပိုင်ခွင့်ပေးထားတာ၊ လူကုန်ကူးတာနဲ့ နယ်စပ်ဖြတ်ကျော် မှောင်ခို လုပ်ငန်းတွေကို အကာအကွယ်ပေးပြီး အမြတ်အစွန်း ရယူတာတွေ လုပ်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် KNA နဲ့ ဆက်စပ်နေတဲ့ အွန်လိုင်းလိမ်လည်ခြင်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ အပါအဝင် ကမ္ဘာတဝန်းက လူတွေကို ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်စေတယ်လို့လည်း ဆက်လက် ဖော်ပြပါတယ်။
စောချစ်သူကို ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့က ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ အလားတူ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။
OFAC ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် စောချစ်သူနဲ့ သူ့ရဲ့ သားနှစ်ဦးတို့ရဲ့ အမေရိကန်နိုင်ငံတွင်းက ပိုင်ဆိုင်မှုတွေအားလုံး ပိတ်ပင် သိမ်းဆည်းသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေနဲ့ ဘဏ္ဍာရေး ဆက်စပ်ပတ်သက်မှုရှိတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာလည်း အရေးယူခံရတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့ပြင် အမေရိကန်နိုင်ငံသားတွေအနေနဲ့ စောချစ်သူနဲ့ သူ့ရဲ့ အဖွဲ့အစည်းတွေနဲ့ ဘဏ္ဍာရေးအရ ဆက်ဆံမှုတွေ မပြုလုပ်ကြဖို့ကိုလည်း တားမြစ်ပိတ်ပင်ထားပါတယ်။
OFAC အနေနဲ့ လက်ရှိအရေးယူပိတ်ဆို့မှုဟာ ဆိုက်ဘာရာဇဝတ်ကွန်ရက်တွေကို ဖြိုဖျက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသူတွေကို တုံ့ပြန်ဖို့ ရည်ရွယ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။