မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားတွေကို တရုတ်အစိုးရ နားလည်သိရှိလာအောင် ရှင်းပြဖို့လိုတယ်လို့ TNLA ပြော

မြန်မာနိုင်ငံရဲ့ လက်ရှိပကတိ အခြေအနေအရ တရုတ်နိုင်ငံအနေနဲ့ ဖိအားပေးမှုလုပ်ဆောင်ကာ ချည်းကပ်လာတာနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားတွေကို တရုတ်အစိုးရ သိရှိအောင် နားလည်လာအောင် ရှင်းပြပေးဖို့ လိုနေတယ်လို့ ဧပြီလ ၄ ရက်နေ့မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်လ က ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံအစိုးရကို အကုန်လုံးက ကိုယ်နိုင်ရာနည်းနဲ့ ချည်းကပ်ပြီး ရှင်းပြနိုင်မယ်ဆိုရင်တော့ နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက်သာမက စစ်ကောင်စီရဲ့ ဘေးအန္တရာယ်၊ ဖိနှိပ်မှုဒဏ်၊ သတ်ဖြတ်မှုဒဏ်တွေကို ပြည်သူတွေ ကင်းလွတ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့နိုင်ငံနေ နိုင်ငံသူနိုင်ငံသားတွေရော တော်လှန်ရေးမှာပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေရော ညီနောင်တွေရော ဒီထက်ပိုပြီးမှ ညီညွတ်ဖို့လိုမယ်လို့မြင်ပါတယ်။ ညီညွတ်မှု ဒီထက်ပိုတည်ဆောက်ဖို့ လိုအပ်ပါတယ် “ လို့ ဗိုလ်မှူးကြီး တာပန်လ က သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုအောက်မှာ အားလုံးအနေနဲ့ ညီညွတ်မှုအပြင် စည်းလုံးမှု၊ လှုံဆော်မှုတို့နဲ့ နားလည်အောင်ရှင်းပြရမယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်အာဏာရှင်စနစ် ဖျက်သိမ်းဖို့အတွက် ဒီတစ်ခါမှာ အပြီးသတ်အောင်မလုပ်ဆောင်နိုင်ပါက ငြိမ်းချမ်းရေးသံသရာ၊ စစ်ရေးသံသရာတွေကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘဲ ပစ်လိုက် ရပ်လိုက်နဲ့ ဆက်ဖြစ်နေအုံးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အပစ်အခတ်ရပ်ဆဲဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ စစ်ကောင်စီက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်တို့ကနေ တအာင်းတပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ပေမဲ့ တအာင်းတပ်ဘက်က ငြင်းဆန်ခဲ့တာကြောင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအပြီး စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးနောက်မှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားသောအားဖြင့် တအာင်းတပ်မတော် TNLA အနေနဲ့ အခုမေလကုန်အထိ တဖက်သတ် အပစ်ရပ်ထားတာကြောင့် လတ်တလော ဘာထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမှ မရှိသေးဘူးလို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
“ လက်ရှိ စကစ ဘက်ကတောင်းဆိုတာက မိုးကုတ်မက အခြားမြို့ ၅ မြို့ကနေ ပြန်လည်ဆုတ်ခွာဖို့တောင်းဆိုတာမျိုး တွေရှိတယ်။ ကျွန်မတို့ကတော့ ဒါကို သဘောမတူနိုင်သေးဘူး။ ပြန်လည်ဆုတ်ခွာတာမျိုးတွေလည်း မရှိသေးဘူးပေါ့။ ဒါကြောင့် ဒီနေ့ ဒီအချိန်မှာပြောနိုင်တာက ကျွန်မတို့ရပ်တည်ချက်အတိုင်းဘဲ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် “ လို့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
PSLF/TNLA ရဲ့မျှော်မှန်းချက်အတိုင်း အာဏာရှင်ကို အမြစ်ဖျက်ခြေမှုန်းရမှာဖြစ်ပြီး ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တဲ့ နည်းလမ်းတွေရှာဖွေကာ အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ပြည်သူနဲ့ အတူပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ရပ်တည်ချက်ကို ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားကို ကြည့်/မကြည့်ဆိုရာမှာ တရုတ်နိုင်ငံ ကိုယ်တိုင်ပြောပြရမှာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေးအတွက်တော့ ကိုယ်တိုင်ဆုံးဖြတ်ချက် အပြည့်ရှိနေမှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး တာပန်လက ပြောပါတယ်။
လက်ရှိ တရုတ်နိုင်ငံရဲ့ ပိတ်ဆို့မှုတွေ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် တအာင်းဒေသမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ အခက်အခဲအကြပ်အတည်းများစွာနဲ့ ကြုံတွေနေရပြီး အစားအစာနဲ့ ဆေးဝါးရရှိမှုပင် များစွာခက်ခဲနေရတာကြောင့် TNLA အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကျော်လွှားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
“ သေချာပါတယ် နိုင်ငံပြန်ပြီးမှ ထူထောင်နိုင်ဖို့အတွက် ငြိမ်းချမ်းနိုင်ဖို့အတွက် တိုက်ပွဲကဆက်လက်ပြီးမှ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဘယ်နေ့၊ ဘယ်နေရာ၊ ဘယ်လိုလုပ်မယ်ဆိုတာတော့ ပြောပြဖို့ ခက်ပါတယ် “ လို့ ဗိုလ်မှူးကြီး တာပန်လက အာဏာရှင် အဆုံးသတ်တဲ့အထိ ဆက်လက်လုပ်ဆောင်မှာကို ပြောပြခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ တဖက်သတ်အပစ်ရပ်ထားတာဖြစ်ပြီး အပစ်ရပ်ထားတဲ့ အချိန်ကုန်လွန်ပါက ဆက်လက်ပြီး တစိုက်မတ်မတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း TNLA အနေနဲ့ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကို နည်းနာပေါင်းစုံနဲ့ ပူးပေါင်းပါဝင်တာရှိသလို ရှေ့လာမယ့် ကာလတွေမှာလည်းဆက်လက် ပူးပေါင်းပါဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် မဟာမိတ်အားလုံးနဲ့ နိုင်ငံကို ပြန်လည်ကောင်းမွန်လာအောင်၊ ဦးမော့လာအောင် အကုန်လုံးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်ထားတာတွေ ရှိနေသလို TNLA ရဲ့အရပ်ဘက်အဖွဲ့အစည်း CSO တွေက အခြားသော အရပ်ဘက်အဖွဲ့အစည်း CSOတွေနဲ့ ပူးပေါင်းဆောာင်ရွက်နေတာမျိုးတွေ၊ နိုင်ငံရေးပါတီတွေ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း PSLF/TNLA ကချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ ဆွေးနွေးပွဲပျက်ပြယ်ပြီးနောက်ပိုင်း တအာင်းတပ် TNLA ထိန်းချုပ်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး အခုမတ်လအတွင်းမှာပဲ နောင်ချို၊ မိုးကုတ်နဲ့ ကျောက်မဲမြို့တို့ရှိ အရပ်သားပြည်သူတွေရှိရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်လျက် ရှိနေပါတယ်။