ဘိုးရင်ကလေးကျေးရွာ အုပ်ကြီးက စစ်မှုထမ်းအမည်စာရင်းတွေ လိမ်သွင်းနေ

Author CJ Platform
Categories
Published on Apr 06, 2025

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှုးက စစ်မှုထမ်း အမည်စာရင်းတွေကို လိမ်လည်စာရင်းသွင်းထားတယ်လို့ CJ Platform ရဲ့ CJ Report အဖြစ်ပေးပို့လာပါတယ်။

 

အဲဒီအုပ်ချုပ်ရေးမှူးဟာ ဇရပ်ကွင်းကျေးရွာမှာနေထိုင်တဲ့ ဦးသန်းလှိုင်၊ ဦးအောင်ခိုင်မိုးတို့နဲ့ချိတ်ဆက်ပြီး ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်းက လူငယ်တချို့ကို အလုပ်အကိုင်ရမယ်လို့ဆိုကာ တစ်ဦးကို ငွေကျပ် သိန်း (၆၀) ခန့်နဲ့ ကျေးရွာအတွင်း မဲပေါက်ထားတဲ့ လူငယ်တွေနဲ့ လူချင်းအစားထိုးလဲလှယ်မှုတွေ ရှိတယ်လို့ ဆိုလာပါတယ်။

 

စစ်မှုထမ်း အမည်စာရင်းရရှိထားသူ လူငယ်တွေက သူတို့ရဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုစာရင်းကို လူစားထိုးပေးလိုက်တဲ့ လူငယ်တွေနဲ့အတူ ထည့်ပေးလိုက်ရပြီးနောက် လူဝင်မှုကြီးကြပ်ရေးရုံး လဝက မှာ တစ်သိန်းကျပ်နဲ့ နောက်ထပ်မှတ်ပုံတင်အသစ် ထပ်ထုတ်ရတယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

 

အဲဒီလို လူစားထိုးရာမှာ စစ်မှု့ထမ်း အပတ်စဥ် (၁) မှာတစ်ဦး၊ အပတ်စဥ် (၂) မှာ နှစ်ဦး နဲ့ အပတ်စဉ် (၄) မှာ တစ်ဦးရှိတယ်လို့ သိရပါတယ်။

 

ကျေးရွာအတွင်း စစ်မှု့ထမ်းထောက်ပံ့ငွေအဖြစ် တစ်လကို အိမ်ထောင်စုတစ်ခုကို ခုနစ်သောင်းကျပ်နဲ့ အိမ်ထောင်စုပေါင်း (၈၅၀)  ကျော်ခန့် လစဥ်ပေးနေရပြီး စစ်မှုထမ်းမဲပေါက်တဲ့ အိမ်ထောင်စုကတော့ ၁၅ သိန်းပေးရတယ်လို့ သတင်းပေးပို့ထားတာပါ။

 

လူစားထိုး စစ်မှုထမ်းသွားရောက်သူတွေကိုတော့ စစ်မှုထမ်းပွဲစားက ငွေကြေးပြည့်ပြည့်ဝဝမပေးလို့ မိသားစုက တောင်းခံတဲ့အခါမှာတော့ ခြိမ်းခြောက်ခံရမှုတွေရှိတယ်လို့ သိရပါတယ်။

 

ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမျိုးသိန်းဟာ ကျေးရွာအတွင်း တစ်လကို စစ်မှုထမ်းထောက်ပံ့ငွေအဖြစ် ၇၀၀၀၀ ကျပ်၊ ကင်းကြေး ၅၀၀၀ ကျပ်၊ နာရေးဖြစ်ပါက ၅၀၀၀၀ ကျပ်၊ လင်မယား ရန်ဖြစ်ပြီးရပ်ကွက်ရုံးရောက်ပါက ၃၀၀၀၀ကျပ် စသဖြင့် ကောက်ခံနေလို့ ပြည်သူကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ နေတဲ့ အုပ်ချုပ်ချုပ်ရေးမှုးနဲ့ ပွဲစားတွေကို ထိရောက်စွာအရေးယူနိုင်ဖို့ သတင်းမီဒီယာကနေ ဖော်ပြပေးပါရန် သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။

 

ဒါဟာ CJ Report ဖြစ်ပါတယ်။ သတင်းဖြစ်စဉ် အပြည့်အစုံကိုတော့ CJ Platform ရဲ့ သတင်းထောက်တွေက စုံစမ်းအတည်ပြုနေဆဲဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းအချက်အလက်လေးတွေ ပေးပို့လိုပါက Telegram မှာ @cjreport1 လို့ ရှာဖွေပြီးတော့ ဆက်သွယ်ပေးပို့နိုင်သလို CJ Platform Facebook Page Messenger ကနေလဲ ပေးပို့နိုင်ပါတယ်။

 

ပုံစာ – ဘိုးရင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမျိုးသိန်းကို မြင်ရပုံ

 

#CJPlatform #CJReport #ဘိုးရင်ကလေးကျေးရွာ #စစ်မှုထမ်း