အကယ်ဒမီ ပိုင်ဖြိုးသုရဲ့  အကယ်ဒမီရုပ် ကမ်ပိန်းမှာ စင်ကာပူက အများဆုံးပါဝင်နေပြီး မြန်မာက ဒုတိယနေရာမှာရှိနေ

Author Adira
Categories
Published on Feb 06, 2025

စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပိုင်ဖြိုးသုရဲ့  အကယ်ဒမီရုပ်ကမ်ပိန်းမှာ ဒီကနေ့အထိ စင်ကာပူနိုင်ငံကနေ အများဆုံး ပါဝင်ထားတာကို တွေ့ရပြီး မြန်မာနိုင်ငံကတော့ ဒုတိယအများဆုံး ပါဝင်ထားတာကို တွေ့ရှိရပါတယ်။

 

ရက် ၂၀ ကြာပြုလုပ်သွားမယ့် ဒီကမ်ပိန်းကို စစ်ကောင်စီ အလိုကျ အနုပညာရှင်တွေ အကယ်ဒမီပေးပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ပြည်သူ့ဘက်ကရပ်တည်တဲ့ အနုပညာရှင်တွေကတော့ ဝိုင်းဝန်းကာ ဝန်းရံပေးကြပါတယ်။

“အကယ်ဒမီရုပ်ကမ်ပိန်းမှာ ပါဝင်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ သုသု မနက်ဖန်ညကျ ဒီကမ်ပိန်းကနေပြီး ပရိသတ်တွေကို လက်ဆောင်ပေးစရာလေးတခုရှိပါတယ်” လို့ အကယ်ဒမီပိုင်ဖြိုးသုက လူမှုကွန်ရက်ကနေတဆင့် အသိပေးထားပါတယ်။

 

အဲဒီလက်ဆောင်ကို မနက်ဖန်ည ၇နာရီမှာ သူမ နဲ့ Artists’ Shelter တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ တင်ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

 

လက်ရှိ ကမ်ပိန်းအတွင်း တတိယနေရာကပါဝင်နေတဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံ ၁၈ ခုမှာ ရောက်ရှိနေတဲ့ ပြည်ပရောက် မြန်မာတွေ ပါဝင်ထားကြပြီး ရရှိတဲ့ငွေတွေကို စစ်ဘေးရှောင်မိသားစုတွေကို လှူဒါန်းပေးသွားမှာ ဖြစ်တယ်လို့လည်း ဒီကမ်ပိန်းမှာ ပါဝင်နေတဲ့ Artist’s Shelter လူမှုကွန်ရက်ကနေတစ်ဆင့် သိရပါတယ်။

 

ဒီကမ်ပိန်းကို ငွေကြေးဘယ်လောက်ရယ်လို့ သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ မိမိတတ်နိုင်သလောက် အကြိမ်ရေများစွာ စိတ်ကြိုက်ပါဝင်ခွင့်ရမှာဖြစ်ပြီး တစ်ကြိမ်လှူဒါန်းတိုင်း Serial number ပါဝင်တဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခု ရရှိမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

ကမ်ပိန်းရဲ့ ပထမဆုအဖြစ် အကယ်ဒမီပိုင်ဖြိုးသုရဲ့ ရွှေတစ်ကျပ်သားရှိကြယ်ပါဝင်တဲ့ အကယ်ဒမီရွှေစင်ရုပ်၊ ဒုတိယဆုအဖြစ် အကယ်ဒမီ ပိုင်ဖြိုးသုရဲ့ လက်မှတ်ပါ ဆွဲကြိုးတစ်ကုံး၊ တတိယဆုအဖြစ် အကယ်ဒမီိပုင်ဖြိုးသု ဝတ်ဆင်တဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ရွှေနားကပ် သုံးရံတို့ကို မဲဖောက်ပေးသွားမှာဖြစ်ပြီး ကံထူးရှင်တွေကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၁ ရက် နေ့မှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသုကိုယ်တိုင် မဲနှိုက်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သူမရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

 

ပိုင်ဖြိုးသုဟာ ဒီအကယ်ဒမီရွှေစင်ရုပ်တုကို ၂၀၁၈ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ အကယ်ဒမီ‌ပေးပွဲမှာ “သရဲမ ဘီးလူးမနှင့် မိန်းမပျို” ဇာတ်ကားနဲ့ အကောင်းဆုံး ၂၀၁၇ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုအဖြစ်  ရရှိခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Paing Phyoe Thu Facebook

 

Related News

Depend on news