နောင်ချိုက သပြေရေတောင်ဘုရားကို စစ်ကောင်စီဗုံးကြဲ စေတီပျက်စီးပြီး လူတစ်ဦးဒဏ်ရာရ
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကုန်းကို စစ်ကောင်စီ ဒီကနေ့ မနက် ၁၀ နာရီခွဲခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သပြေတောင်ဘုရားကုန်းပေါ်ရှိ စေတီတော် ပျက်စီးခဲ့ရပြီး အနီးမှာ ကြံခုတ်နေသူ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီသပြေရေတောင် ဘုရားကုန်းမှာ TNLA က တပ်စွဲထားတာမရှိဘဲ သာသနာ့နယ်မြေသက်သက်သာဖြစ်တယ်လို့ TNLA ကလည်း ထုတ်ပြန်ထားပါတယ်။
“ သာသနာပြုမင်းဆိုတဲ့ ကောင်တွေရဲ့ သာသနာဖျက်ပုံတွေပေါ့။ ကြံခုတ်သမားတစ်ဦးတော့ ထိခိုက်ခဲ့တာရှိပါတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်တို့မှာလည်း TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့နယ်ကို နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ဇန်နဝါရီ ၂၁ ရက်နေ့က နောင်ချိုမြို့ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့အနီး ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့မှုအတွင်း ဒေသခံ ၁ ဦး သေဆုံးတဲ့အပြင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စည်ပင်ရုံးအဆောက်အအုံနဲ့ လူနေအိမ် ၁ လုံးပျက်စီးခဲ့ပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့က နောင်ချိုမြို့နယ် ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီး ဗုံးနှစ်လုံး ကြဲတိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး သေဆုံးတဲ့အပြင် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့သလို နေအိမ် နှစ်လုံးနဲ့ ရဲစခန်း ထိခိုက်ပျက်စီးခဲ့ပါတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့