ဟားမားမြို့ကို ဆီးရီးယားသူပုန်တွေ ထပ်သိမ်း၊ အာဆတ်အစိုးရအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်
ဆီးရီးယားနိုင်ငံရဲ့ အာဆတ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေဟာ အရေးပါတဲ့ ဟားမားမြို့ကို ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့တာကြောင့် အစိုးရနဲ့ မဟာမိတ် ရုရှား၊ အီရန်တို့အတွက် ကြီးမာတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာတယ်လို့ နိုင်ငံတကာ သတင်းဌာနတွေက ဆိုကြပါတယ်။
သူပုန်တပ်ရဲ့ အဓိကတပ်မှူးဖြစ်တဲ့ အဘူမိုဟာမက်အယ်လဂိုလာနီက ဟားမားမြို့ကို သူတို့တွေ အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီလို့ ယမန်နေ့မှာပဲ ကြေညာခဲ့ပြီး အီရန်ရဲ့ မဟာမိတ် အီရတ်က Hashd al-Shaabi ညွှန့်ပေါင်းတပ်ဖွဲ့ကိုလည်း ပါဝင်ပတ်သက်တာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။
ဆီးရီးယားစစ်တပ်ကတော့ “အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့နဲ့ မြို့တွင်းတိုက်ပွဲတွေကို ရှောင်ရှားဖို့” အတွက် မြို့ပြင်ကို ဆုတ်ခွာခဲ့တာဖြစ်တယ်လို့ ကြေညာထားပါတယ်။
သူပုန်တပ်တွေဟာ ပြီးခဲ့တဲ့ အပတ်ကလည်း အလက်ပိုမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် တောင်ဘက်ကို ဆက်လက်ထိုးစစ်ဆင် ချီတက်နေကြပြီး ဟွမ်းစ်မြို့ကို ဦးတည်နေတယ်လို့ သိရပါတယ်။
ဟွမ်းစ်မြို့ဟာ မြို့တော် ဒမတ်စကတ်စ်ကနေ မြောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေကို ဆက်သွယ်ထားပေးတဲ့ မဟာဗျူဟာ ကျတဲ့ လမ်းဆုံမြို့တစ်မြို့လည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကတော့ ဆီးရီးယားက လက်ရှိ တိုက်ပွဲတွေကြောင့် လူပေါင်း ၂၈၀,၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
သူပုန်တပ်တွေ ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့မှာ စားနပ်ရိက္ခာနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ဆက်သွယ်ရေး စနစ်တွေလည်း ပြတ်တောက်နေတယ်လို့ မြို့နေဒေသခံတွေက ဆိုကြပါတယ်။ သူပုန်တွေကတော့ ကယ်တင်ခြင်းအစိုးရလို့ နာမည်ပေးထားတဲ့ အုပ်ချုပ်ရေးစနစ်နဲ့ အလက်ပိုမြို့ကို သေချာ ထိန်းချုပ်လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
လက်ရှိမှာ သူပုန်တပ်တွေ ထိန်းချုပ်နိုင်လိုက်တဲ့ ဟားမားမြို့ဟာ အာဆတ်မိသားစုတွေရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်မှုတွေရဲ့ သမိုင်းဝင် ဗဟိုအချက်အချာ ကျရာမြို့လည်း ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်မှာ မွတ်ဆလင်ညီနောင်များ အဖွဲ့က လက်ရှိသမ္မတ အာဆတ်ရဲ့ ဖခင်ဖြစ်သူကို ပုန်ကန်ထကြွခဲ့ဖူးပြီး စစ်တပ်ရဲ့ သုံးပတ်ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်မှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် သေဆုံးခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အလက်ပိုမြို့ကနေ မြို့တော်ဒမတ်စကတ်စ်မြို့ကို သွားဖို့အတွက် လမ်းကြောင်းရဲ့ သုံးပုံတစ်ပုံကျော်မှာ ရှိနေတဲ့ မြို့ဖြစ်သလို ပုန်ကန်မှုကို ဆန့်ကျင်တဲ့ ခရစ်ယာန်တွေနေထိုင်ရာ မူဟရာဒါမြို့နဲ့ ပုန်ကန်မှုကို လက်ခံတဲ့ အစ္စမိုင်လီ မွဝ်ဆလင်တွေ နေထိုင်ရာ ဆလာမီယာမြို့တွေကို ထိန်းချုပ်နိုင်ဖို့အတွက် အရေးပါတဲ့ မြို့လည်း ဖြစ်ပါတယ်။
လက်ရှိမှာ အာဆတ်အစိုးရကို အဓိက ပုန်ကန်နေတဲ့ Hayat Tahrir al-Sham (HTS) သူပုန်အဖွဲ့ဟာ အရင်က အယ်လ်ကိုင်ဒါတွေနဲ့ ဆက်နွယ်ခဲ့ပေမဲ့ ခေါင်းဆောင်ဖြစ်သူ ဂိုလာနီကတော့ လူနည်းစု ဘာသာခြားတွေကို ကာကွယ်စောင့်ရှောက်မှာဖြစ်တယ်လို့ ကတိပြုထားပါတယ်။ ဒါပေမဲ့ လူနည်းစု ဘာသာခြားတွေကတော့ သူပုန်တွေကို ကြောက်ရွံ့နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
အိမ်နီးချင်း တူရကီနိုင်ငံဟာလည်း HTS တို့ကို တရားဝင်အသိအမှတ်အပြုပေမဲ့ မြောက်ပိုင်းဒေသတွေ သူပုန်တွေ လက်အောက် ရောက်ရှိခဲ့ရင် တူရကီနိုင်ငံတွင်းက ဆီးရီးယားဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးအတွက် အထောက်အကူဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် သူပုန်တွေနဲ့အတူ တိုက်ခိုက်နေတဲ့ အခြားအဖွဲ့တွေကို အကြီးအကျယ် ထောက်ပံ့မှုတွေလည်း လုပ်နေပါတယ်။
အခြားတစ်ဘက်မှာတော့ ဆီးရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ အားစိုက်နေရတာကြောင့် ဆီးရီးယားကို အရင်ကလို အပြည့်အဝ ထောက်ပံ့နိုင်တာတွေ မရှိတော့သလို အာဆတ်ရဲ့ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ခေါင်းဆောင်ပိုင်းအများအပြား သေဆုံးခဲ့တာကြောင့် အားနည်းသွားပြီး ဆီးရီးယားကို ကူညီနိုင်တာတွေ မလုပ်နိုင်သေးပါဘူး။
လက်ရှိမှာလည်း အရေးပါတဲ့ တခြားမြို့တွေဟာ သူပုန်တပ်တွေရဲ့ ခြိမ်းခြောက်မှုတွေ ခံနေရတာကြောင့် ဆီးရီးယား စီးပွားရေး စာစောင်အယ်ဒီတာ ဂျီဟတ်ယာဇီဂီက “အာဆတ်အနေနဲ့ နောက်ထပ် နယ်မြေ ဆုံးရှုံးမှုတွေ လုံးဝဖြစ်လို့ မရတော့ပါဘူး။ ဟွမ်းစ်မြို့ကျဆုံးခဲ့ရင် အစိုးရပါ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်”လို့ သုံးသပ်ထားပါတယ်။
ဓာတ်ပုံ – REUTERS/Mahmoud Hassano
ပုံစာ- ဟားမားမြို့ကို သိမ်းပိုက်နိုင်ပြီးနောက် မိုးပေါ်ထောင်ပြီး သေနတ်ပစ်ဖောက်နေတဲ့ သူပုန်တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့မြင်ရစဉ်
ကိုးကား- Reuters