လာဘ်စားမှု၊ ခြိမ်းခြောက်မှုတွေ ရောပြွမ်းနေတဲ့ ဝက်လက်နယ်က ဘုရားလှူလေ့ရှိတဲ့ ရေယာဉ်အခွန် ကောက်ခံမှု
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ကုန်းလမ်းအစား ရေလမ်းကို ဒေသခံတွေ အားကိုးအားထားပြု သွားလာနေရပါတယ်။
အဲဒီအချိန်မှာပဲ ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေတဲ့ ရေယာဉ်ကြီး/ငယ်တွေအားလုံးကို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ရွှေဘိုခရိုင် တပ်ရင်း-၂ တို့ပူးပေါင်းပြီး အခွန်ကောက်နေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။
“မတ္တရာမြောက်တကြောလုံး မိုးကုတ်ထိပါမယ်။ အဲဒီတကြောလုံးက ရေလမ်းကိုသုံးကြရတာ။ မတ္တရာကမဖြတ်ရတော့ ရေလမ်းကနေ ရွှေဘိုခရိုင်ချင်းဆက်လမ်းကိုဖြတ်ပြီးမောင်းရတာ” လို့ ဝက်လက်မြို့နယ်အတွင်းပြေးဆွဲနေတဲ့ ဆိပ်ကမ်းတစ်ခုက ဒေသခံ အသက် ၃၀ ခန့်ရှိ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီပူးပေါင်းအဖွဲ့ဟာ ရေယာဉ်အကြီး ဒေသအခေါ် ကားတင် သံခွန်နဲ့ ပြန့်ဖောင်တွေအတွက် တစ်ရက်၀င်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအပြင် စက်လှေ(အငယ်၊ အလတ်၊ အကြီး)တွေကိုတော့ ၁၀၀၀ ကနေ ၅၀၀၀ ကျပ်အထိ ဆိပ်ကမ်းဖြတ်သန်းခအနေနဲ့ ကောက်ယူနေတယ်လို့ သိရပါတယ်။
အဲဒီမြို့နယ်တပ်ရင်း-၂ ဟာ ဆိပ်ကမ်းဖြတ်သန်းခွင့်အတွက် လွန်ခဲ့တဲ့စက်တင်ဘာလကတည်းက အခွန်ကောက်ခံနေတာဖြစ်ပြီး ကားတင် သံခွန်၊ ပြန့်ဖောင်နဲ့ စက်လှေတွေကလည်း မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့မှ ပြေးဆွဲခွင့်ရတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
အရင်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ဧရာ၀တီမြစ်ကူးဖို့အတွက် ကူးတို့ပို့ဆောင်မှုတွေရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေထဲ မန္တလေးတိုင်းဘက်ကစစ်ရေးအခြေအနေတွေကြောင့် မတ္တရာမြို့ကို ကုန်းလမ်းကနေဖြတ်သန်းခွင့်မရတော့တာကြောင့် သံခွန်နဲ့ ပြန့်ဖောင်တွေကို အားထားအသုံးပြုပြီး ရေလမ်းကြောင်းပို့ဆောင်ရေး တွင်ကျယ်လာတာဖြစ်ပါတယ်။
ရေလမ်းကြောင်းပို့ဆောင်ရေးအတွက် သံခွန် ၁၀ စီး၊ ပြန့်ဖောင် ၁၅ စီးကျော်နဲ့ စက်လှေအကြီး၊ အလတ်၊ အငယ်တွေဟာ ၀က်လက်မြို့နယ်၊ ရေလည်မော်ဆိပ်ကမ်းအပါအ၀င် ဆိပ်ကမ်းလေးခုခန့်ကနေ ဧရာ၀တီမြစ်တစ်ဖက်ကမ်းကို ဖြတ်သန်းသွားလာနေကြတာဖြစ်ပါတယ်။
အဲဒီဆိပ်ကမ်းတွေမှာ သံခွန်တွေကိုတော့ တပ်ရင်းတပ်ဖွဲ့တွေ၊ သူတို့ရဲ့နီးစပ်သူတွေက ပြေးဆွဲနေပြီး ပြန့်ဖောင်နဲ့ တခြားစက်လှေတွေကိုတော့ အရပ်သားတွေက တည်ထောင်ပြေးဆွဲနေပါတယ်။ အဲဒီကရေယာဉ်တွေဟာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပြေးဆွဲနေကြပါတယ်။
ဒါပေမဲ့ ဒီလိုအခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဆီ စာတင်ထားဆဲအဆင့်သာရှိသေးပြီး တရားဝင်ခွင့်ပြုတာမျိုးမရှိသေးဘူးလို့ ခိုင်မာတဲ့သတင်းရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
ဆိပ်ကမ်းအုပ်ချုပ်ခွင့်တာ၀န်ကို NUG ရဲ့ ၀က်လက်မြို့နယ် ပအဖ၊ ပကဖတွေက တပ်ရင်း ၂ ဒုတပ်ရင်းမှူး ကိုဖက်တီးကို တာ၀န်ပေးထားတယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ခရိုင်အဆင့်က အစည်းအဝေးပြီးသွားလို့ NUG ဆီစာတင်ထားတာ တစ်လကောင်းကောင်းရှိပေမဲ့ စာကမပေးသေးဘူး။ ကျန်တဲ့တပ်ရင်းတပ်ဖွဲ့တွေရှိတယ်လေ။ သူတို့တစ်ရင်းတည်းရှိတာမှမဟုတ်တာ။ သူတို့ကို အခွန်ကောက်ခွင့်ပေးတာမဖြစ်နိုင်ဘူးလေ။ NUG က ခွင့်မပြုဖြစ်သေးဘူးလေ။ ကျန်တပ်ရင်းတွေက သူတို့လိုလစာရတာမှမဟုတ်တာ။ သုံးလမှတစ်ခါရတာ။ ပြီးတော့ ပလဖတွေ၊ ရပ်ကျေး၊ တိုက်နယ်တွေရှိတယ်။ သူတို့ပဲပေးလို့ ဘယ်ဟုတ်ပါ့မလဲ” လို့ NUG ၊ ခရိုင်အဆင့် တာ၀န်ရှိသူတစ်ဦးက အခွန်ကောက်ခံနေမှုနဲ့ပတ်သက်ပြီး ပြောပါတယ်။
ဆိပ်ကမ်းတာ၀န်ရှိသူတွေဟာ တရားမ၀င်အခွန်ကောက်ယူနေတာဖြစ်တယ်လို့ သူက မှတ်ချက်ပေးပြောပါတယ်။
ဒီလိုအခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီး NUG တာဝန်ရှိသူတွေဆီ CJ Platform က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်တုံ့ပြန်ဖြေဆိုတာမျိုးတော့ ဒီကနေ့ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းအထိ မရှိသေးပါဘူး။
အကောက်ခွန်တွေနဲ့ပတ်သက်ပြီး ရေကြောင်းပို့ဆောင်ရေးလုပ်ကိုင်နေသူတွေကို ၀က်လက်မြို့နယ်တပ်ရင်း ၂ ရဲ့ ဆိပ်ကမ်းတာ၀န်ရှိသူတွေက ခြိမ်းခြောက်ပြောဆိုတာမျိုးတွေလည်း လုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် ၃၀ ခန့်ရှိ ပြန့်ဖောင်ပြေးဆွဲနေသူ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဖြတ်ပိုင်းမှာရေးထားတာက ၁၀ ရာခိုင်နှုန်း တကယ်တမ်းယူတာက ၁၅ ရာခိုင်နှုန်းဗျ။ ဒီလိုကောက်တာတွေနဲ့ပတ်သက်ပြီး တိုင်တာတန်းတာလုပ်ရင် လုပ်ခွင့်ပယ်ဖျက်မယ်လို့ပြောတယ်” လို့ သူက ပြောဆိုပါတယ်။
အခုတပ်ရင်း-၂ က ပြေးဆွဲခွင့်ပေးထားတဲ့ ကားတင်သံခွန်တွေဟာ ခြောက်ဘီး၊ ၁၂ ဘီး ကားတွေ အပါအ၀င် ကား ၁၀ စီးခန့်အထိ သယ်ဆောင်နိုင်ပြီး ပြန့်ဖောင်တွေကတော့ လိုက်ထရပ်လို ကားသေးတွေကို လေးစီးလောက်ပဲ အများဆုံးသယ်နိုင်တယ်လို့ သိရပါတယ်။
သယ်ဆောင်ခကို ကားအမျိုးအစားနဲ့ ကုန်ပါ၀င်မှုအပေါ်မူတည်ပြီး တစ်စီးကို ကျပ်နှစ်သိန်းကနေ ကျပ်နှစ်သိန်းငါးသောင်းအထိ ရရှိနေတာဖြစ်တဲ့အတွက် တစ်ခေါက်ကို ဝက်လက်ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ကျပ်သိန်း ၂၀ နဲ့အထက် ရရှိနေတာဖြစ်ပါတယ်။
ဆိပ်ကမ်းကူးသန်းပို့ဆောင်ခွင့်မှာ ကားတင်သံခွန်သမားတွေဟာ တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူတွေဖြစ်တာကြောင့် လုပ်ကိုင်ရအဆင်ပြေပေမဲ့ အရပ်သား ကားတင် ပြန့်ဖောင်သမားတွေကိုတော့ ခွဲခြားဆက်ဆံမှုတွေကြုံနေကြရတယ်လို့ သိရပါတယ်။
“တပ်ရင်းတပ်ဖွဲ့တွေထောင်ထားတဲ့ကားကြီးတွေတင်လို့ရတဲ့ သံခွန်တွေကိုဦးစားပေးပြီး ပြည်သူကထောင်ထားတဲ့ ဖောင်တွေကျဦးစားမပေးဘူး။ နိုင်တဲ့ဖောင်တွေကို ကားတွေမျှမပေးဘဲနဲ့ သူတို့ သံခွန်ရေယာဥ်တွေကို ဦးစားပေးတယ်။ ဒါက အလှည့်ကျဖြစ်ရမှာ သူတို့နိုင်ရင်တင် တစ်ခုခုဖြစ်ရင် သူတို့လျော်ရမှာ။ ခုက သူတို့နဲ့ဆက်စပ်တဲ့သူတွေပဲဦးစားပေးတယ်” လို့ အမည်မဖော်လိုတဲ့ အသက် ၄၅ နှစ်ခန့်ရှိ အဲဒီဒေသက အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လက်ရှိပြေးဆွဲနေတဲ့ သံခွန်၊ ပြန့်ဖောင်နဲ့ စက်လှေပြေးဆွဲလိုတဲ့ဒေသခံတွေဟာ ဆိပ်ကမ်းတာ၀န်ရှိသူတွေဆီ ပြေးဆွဲခွင့်တောင်းခံရတာကြောင့် အသစ်ပြေးဆွဲလိုသူတွေအနေနဲ့ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။
“ခုနောက်ထပ် ပြေးဆွဲချင်ရင် မရတော့ဘူး။ စာရင်းပိတ်ပြီတဲ့။ ခု ပြန့်ဖောင်တွေကို သိန်းရာဂဏန်းနဲ့ချီပြီး ဆောက်လုပ်ရတာ၊ သူတို့စာရင်းမပိတ်ခင်တည်းကလုပ်နေတာ။ အဲဒါကို လုပ်ခွင့်မပေးဘူး။ ခွင့်မပြုဘဲလုပ်ရင် မီးရှို့ပစ်မယ်လို့ပြောတယ်။ သူတို့ကတောက်ကဆ ကူးတို့သမားတွေနဲ့ဖြစ်ရင် သေနတ်ဖောက်ပြောဆိုတာတွေပါရှိတယ်” လို့ အမည်မဖော်လိုတဲ့ အသက် ၃၀ ခန့်ရှိ ပြန့်ဖောင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။
ဝက်လက်ဒေသခံတွေအနေနဲ့ NUG လက်အောက်ခံ ပအဖ၊ ပကဖနဲ့ တပ်ရင်း-၂ တာ၀န်ရှိသူတွေရဲ့ သတ်မှတ်အခွန်အခအတိုင်းကောက်ခံရေး၊ အရင်းအနှီးများစွာသုံးထားရတဲ့ ပြန့်ဖောင်အသစ်တွေကို စီမံပေးစေလိုခြင်းနဲ့ လုပ်ငန်းခွင်ခွဲခြားလုပ်ဆောင်မှုတွေကို ပြင်ဆင်ပေးစေရေးတို့ကို လိုလားနေပါတယ်။
ဒါပေမဲ့ အခုအခွန်ဦးဆောင်ကောက်နေတဲ့ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၂ ရဲ့လုပ်ဆောင်ပုံတွေကိုမနှစ်မြို့လို့ ဝက်လက်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဟာ NUG ဆီ မကြာခဏတိုင်ကြားလေ့ရှိပါတယ်။
အဲဒီ တပ်ရင်း ၂ က တပ်စိတ်မှူးက သူ့ကိုပြန်မကြိုက်တဲ့ မိန်းကလေးတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်မှာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် NUG က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၁၀)နှစ်ချမှတ်ခံရခဲ့ပါတယ်။
အခု တပ်ရင်း-၂ ခွင့်ပြုချက်နဲ့လုပ်ကိုင်နေတဲ့ ရေယာဉ်ပြေးဆွဲမှုတွေဟာ ၀က်လက်နယ်ထဲ အရင်နှစ်တွေကတည်းက ရှိနေခဲ့တာပါ။
အဲဒီနယ်က သစ္စာနယ်မြေဖြစ်တာကြောင့် ပြန့်ဖောင်၊ စက်လှေတွေကရရှိတဲ့၀င်ငွေကနေ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ “သစ္စာရ” ဘုရားပွဲမှာ ရွှေသင်္ဃန်းအတွက် ၀တ္ထုငွေအဖြစ်ကပ်လှူရတဲ့ ဓလေ့ရှိပါတယ်။
ဒါပေမဲ့ အခုအခွန်ငွေတွေကို ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တပ်ရင်း-၂ က တာဝန်ရှိသူတွေ ဘယ်လိုစီမံခန့်မလဲဆိုတာ မသိရသေးပါဘူး။
ဓာတ်ပုံ – ပေးပို့
ပုံစာ- ဝက်လက်မြို့နယ် ဆိပ်ကမ်းဖြတ်သန်းခွင့် အခွန်စာရွက်