အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်အစီအစဥ် အိန္ဒိယဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

Author  ဆလိုင်း
Categories
Published on Dec 06, 2024

အိန္ဒိယနိုင်ငံအစိုးအရရဲ့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်မယ့်အစီအစဥ်ကို အိန္ဒိယဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ယမန်နေ့ ဒီဇင်ဘာလ ၅ ရက် မနက် ၉ နာရီခန့်က မိုးရေးမြို့မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ဒီအစီအစဥ်ကို အမြန်ဆုံးရပ်တန့်ပေးဖို့ အိန္ဒိယအရပ်ဘက်အဖွဲ့စည်းဖြစ်တဲ့ ကူကီး-ဇို အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံ ၂၀၀ ခန့်က ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။

 

“နှစ်နိုင်ငံခြံစည်းရိုးခတ်လိုက်တာနဲ့ အိန္ဒိယပြည်တွင်း လုံခြုံမှုရှိလာမှာမဟုတ်သလို နယ်စပ်က ဒေသခံတိုင်းရင်းသားတွေနဲ့ အစိုးရတွေပူးပေါင်းဆောင်ရွက်မှ ပြည်တွင်းလုံခြုံမှုရှိလာမှာဖြစ်တဲ့အတွက် နိုင်ငံနယ်စပ်ခြံစည်းရိုးခတ်မယ့်အစီအစဥ်ရပ်တန့်ပေးဖို့ အဓိက တောင်းဆို ဆန္ဒပြကြတာဖြစ်ပါတယ်” လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒါ့အပြင် အိန္ဒိယအစိုးရရဲ့ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်မှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေအနေနဲ့လည်း စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့အခွင့်အရေးတွေကို ထိခိုက်နိုင်စေတယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကို ပြည်တွင်းလုံခြုံရေးနဲ့ လူမျိုးရေးပဋိပက္ခတွေ လျော့ကျစေရေးအတွက်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လကစတင်လုပ်ဆောင်ခဲ့ပါတယ်။ အခုအခါ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်မှတ်တိုင် ၈၀ ထိ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

 

အဲဒီမှတ်တိုင် ၈၀ ကနေ မှတ်တိုင် ၈၅ ထိ ထပ်မံ ခြံစည်းရိုးခတ်ဖို့ တိုးချဲ့ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အဲဒီအတွက်မြေနေရာလည်း အကြမ်းဖောက်နေကြပြီလို့ သိရပါတယ်။

 

“အခု အိန္ဒိယ၊ မဏိပူရ်ပြည်နယ်မှာဖြစ်နေတဲ့ ပဋိပက္ခက ပြင်ပက ပယောဂမဟုတ်ဘူး။ အိန္ဒိယပြည်တွင်းမှာဖြစ်တဲ့ လူမျိုးရေးပဋိပက္ခဖြစ်တယ်။ ပြီးတော့ အခုခြံစည်းရိုးခတ်တဲ့နယ်မြေတွေဟာ အိန္ဒိယ-မြန်မာနယ်စပ်မှာနေထိုင်တဲ့ ဇို၊ ကူကီးတို့ ဘိုးဘွားပိုင်နယ်မြေတွေဖြစ်တယ်။ အဲဒါကို အိန္ဒိယအစိုးရက ခြံစည်းရိုးခတ်ဖို့လုပ်နေတယ်” လို့ အသက် ၅၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အိန္ဒိယ-မြန်မာ နယ်စပ်ဟာ ကီလိုမီတာ ၁၆၀၀ ကျော်၊ မိုင်အားဖြင့် ၁၀၀၀ နီးပါးထိစပ်နေပြီး မီဇိုရမ်ပြည်နယ်၊ နာဂလန်းပြည်နယ်၊ မဏိပူရ်ပြည်နယ်၊ အရန်နချယ် ပရာဒတ်ရှ်ပြည်နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

 

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်မယ့်အစီအစဥ်ကို မီဇိုရမ်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Young Mizo Association နဲ့ နာဂလန်းပြည်နယ်တို့ကလည်း ကန့်ကွက်ထားပြီး ဒီနှစ် ၂၀၂၄၊ မေလ ၁၆ ရက်နေ့တုန်းကလည်း မီဇိုရမ်ပြည်နယ်ဒေသခံတွေက အိန္ဒိယ-မြန်မာနယ်စပ် ဇိုခေါထာရ်မှာ လူအယောက် ၁,၀၀၀ နီးပါးနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ဒီဇင်ဘာ ၅ ရက်နေ့က

 

အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှာ ဆန္ဒပြနေကြတဲ့ ဒေသခံပြည်သူတွေကို တွေ့မြင်ရစဥ်

 

Related News

Depend on news